Pages

Thursday, June 13, 2013

ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို ဦးဝီရသူ တင်သွင်း


ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့်  ဘာသာခြားများ၊ လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်းပြီးမှသာ တရားဝင်လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို  နိုင်ငံတော်သြဝါဒ ဓမ္မစရိယဆရာတော်ကြီးများ ဦးဆောင်ပါဝေနေသော သံဃာအစည်းအဝေးတခုတွင် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဦးဝီရသူဦးစီးသည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တင်သွင်းခဲ့သည်။

ယနေ့  မှော်ဘီမြို့ ဓမ္မဒူတ ဇေတဝန် တောရ  ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲတွင်  နိုင်ငံတော်သြဝါဒဓမ္မစရိယ ဆရာတော် ဘန္ဒန္တတိလောကာဘိဝံသ (ဗန်းမော်ဆရာတော်) ကြီးမှူးပြီး သံဃာ အပါး၂၀၀ တက်ရောက်နေသည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ပြင်ပမီဒီယာများနှင့် အချို့ သောမီဒီယာများတွင် အကြမ်းဖက်သူများ သဘောမျိုးဖော်ပြနေခြင်းအပေါ် တုန့် ပြန်ဖြေရှင်းရန်၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းရေးကို ရှေးရှုသာ ဘာသာတစ်ရပ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုရန် ရည်ရွယ်ကျင်းပရာ အစည်းအဝေးတွင် ဦးဝီရသူက “အမျိုးစောင့်ဥပဒေ”ဟု ခေါ်ဆိုသော အဆိုပါ စာတမ်းတစောင်ကို ထုတ်ပြန်တင်ပြသွားခဲ့သည်။

မည်သည့်ဘာသာဝင်မဆို ဘာသာခြား၊ လူမျိုးခြားဖြစ်ခဲ့ပါက ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး လက်ထပ်မည့် အမျိုးသမီး၏ မိဘ သို့ မဟုတ် အုပ်ထိန်းသူ၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့်သာ လက်မှတ်ရေးထိုး လက်ထပ်ရမည်ဟု ယင်းဥပဒေ မူကြမ်းတွင်  ထည့်သွင်းရေးဆွဲထားသည်။ အဆိုပါ ဥပဒေကို ပြည်တွင်းမှ ဥပဒေပညာရှင်များဖြင့် ပူးပေါင်းကာ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့၏ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ကို အတုယူရေးဆွဲထားသည်ဟု ဦးစီးရေးဆွဲထားသော ဘုန်းတော်ကြီးများက ဆိုသည်။

“ဥပဒေကို အသက်ဝင်အောင် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို စာပို့မယ်။ ဒီလမကုန်ခင် တနိုင်ငံလုံးမှာ သဘောထား စစ်တမ်းကောက်မယ်။ လွှတ်တော်မှာ တရားဝင် တင်ပေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရွေးထားပြီးပြီ” ဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ယူထားသည့် ဆရာတော်ဓမ္မပီယက မိန့်သည်။

အထက်ပါ ဥပဒေအကြောင်းအချက်များကို မလိုက်နာဘဲ လက်ထပ်ပေါင်းသင်းသူကို ထောင်ဒဏ်၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရမည့်အပြင် ထိုသူပိုင် ပစ္စည်းအားလုံးကို သိမ်းယူ၍ ဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေးရမည်ဖြစ်ကြောင်း၊ ကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်းဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မများနှင့် သီးခြား အရေးယူ အပြစ်ပေးရမည်ဖြစ်ကြောင်း မူကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။

သို့သော် ဥပဒေသည် ဗုဒ္ဓဘာာသာဝင်အမျိုးသမီးများသာ အကျုံးဝင်ပြီး အမျိုးသားများအတွက် ထည့်သွင်းရေးဆွဲမထားဘဲ ၎င်းတို့အနေဖြင့် မည်သည့်ဘာသာဝင်အမျိုးသမီးကို မဆို လက်ထပ်ခွင့်ရှိမည်ဟု ဆိုသည်။

“ဗုဒ္ဓဘာသာ အမျိုးသားတွေက ဘာသာခြား အမျိုးသမီးနဲ့ လက်ထပ်ခွင့်ရှိမယ်။ သူတို့တွေမှာက ဘာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာ သိပ်မဖြစ်ကြတော့ သူတို့အတွက် ဥပဒေမပါဘူး။ ကာကွယ်စရာမလိုဘူး”ဟု ဦးဝီရသူက မိန့်သည်။

ယခု သံဃာ စုဝေးပွဲကို မနက်ဖြန် ဇွန်လ ၁၄ ရက်တွင်လည်း ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ရန် ရှိကြောင်း သိရသည်။

.From : ..irrawaddy

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...