Pages

Tuesday, June 25, 2013

ရန်ကုန်မြို့တော်တွင် မီးရထား လိုင်းသစ်ခြောက်ခု ထပ်တိုးမည်ဟု သိရ

နောက်ထပ်အနှစ် ၃၀ အတွင်း ရန်ကုန်မြို့တော်၌ မီးရထားလမ်းကြောင်းသစ် ငါးခု ထပ်မံတိုးချဲ့မည့်အပြင် မီးရထားလိုင်းသစ် ခြောက်ခုလည်း ထပ်မံတိုးချဲ့ရန် လျာထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းအကောင်အထည် ဖော်နေသည့် "မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း" အရ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့တော်နေ လူဦးရေ၏ သုံးရာခိုင်နှုန်းသာ မီးရထား သယ်ယူပို့ဆောင်ရေး စနစ်အား အသုံးပြုနေကြောင်းနှင့် လာမည့် ၂၀၄၀ တွင် ရန်ကုန်မြို့တော်နေ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ မီးရထား သယ်ယူပို့ဆောင်ရေး စနစ်အား အသုံးပြုလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ထို့အတွက်ကြောင့် ရထားလမ်းကြောင်းများအား အဆင့်မြှင့်တင်ခြင်းနှင့် မီးရထား လမ်းကြောင်းများအား အသစ်ထပ်မံ တည်ဆောက်ခြင်းများ ပြုလုပ်မည့်အပြင် မီးရထားလိုင်းသစ် ခြောက်လိုင်းလည်း ထပ်တိုးရန် အဆိုပြုထားခြင်းပြီး ထပ်တိုးချဲ့မည့် လိုင်းသစ်များကိုမူ "မဟာရန်ကုန် မြို့ပြစီမံကိန်း" တွင် အတိအကျ မပါရှိကြောင်းလည်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားစနစ်တွင် လက်ရှိရထားလမ်းကြောင်း သုံးခုနှင့် လမ်းခွဲငါးခုရှိပြီး စုစုပေါင်း ၁၄၈ ဒသမ ၃ ကီလိုမီတာ ရှည်လျားပြီး ဘူတာပေါင်း ၈၀ ခန့်ရှိကြောင်း၊ ထပ်တိုးချဲ့မည့် ရထားလမ်းကြောင်း သစ်ငါးခု အပါအ၀င် လာမည့် ၂၀၄၀ ခုနှစ် အရောက်တွင် ရန်ကုန်မြို့တွင် မီးရထားလမ်းကြောင်း ရှစ်ခုရှိလာမည် ဖြစ်ကြောင်းနှင့် ရထားလမ်းအရှည် စုစုပေါင်းမှာ ၃၅၀ ကီလိုမီတာ ရှိလာမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့အတွင်း နေ့စဉ်ရထား ပြေးဆွဲချိန် လေးချိန်သတ်မှတ်ကာ နံနက် ၄ နာရီမှ ၈ နာရီအထိ နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ၊ ညနေ ၄ နာရီမှ ည ၉ နာရီအထိ မြို့ပတ်ရထား ငါးစင်းဖြင့် ရထားအခေါက်ရေ ၂၀၀ ခန့် ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။

"၂၀၄၀ မှာဆိုရင် ရန်ကုန်မြို့မှာ မီးရထားလိုင်းခြောက်ခု ထပ်ဆောက်ဖို့ မျှော်လင့်ထားပါတယ်" ဟု ဇွန် ၅ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ပြုလုပ်ခဲ့သော "မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း" နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် JICA လေ့လာရေး အဖွဲ့၏ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း အဖွဲ့ခေါင်းဆောင် Mr. Koji YAMADA က ပြောကြားခဲ့သည်။

From : ..eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...