Pages

Friday, June 28, 2013

မလေးထိန်းသိမ်းရေးစခန်းက မြန်မာ ၂၀၀ ကို လေယာဉ်စင်းလုံးငှား ပြန်ပို့မည်

မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာ ၂၀၀ လောက်ကို ဇွန် ၂၉ ရက်နေ့ စင်းလုံးငှားလေယာဉ်ပျံနဲ့ ပြန်ပို့ဖို့ရှိတယ်လို့ ဧရာဝတီဖောင်ဒေးရှင်းက ပြောပါတယ်။

ဇွန် ၂၉ ရက် ညပိုင်းမှာ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းပိုင် လေယာဉ်နဲ့ ပြန်ပို့မှာ ဖြစ်ပြီး၊ မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခသည်စခန်းရောက်နေသူတွေကို ပြန်ပို့ဖို့ လုပ်ဆောင်ဖြစ်ခဲ့ပုံကို ဧရာဝတီဖောင်ဒေးရှင်း၊ လူထုဆက်ဆံရေးဒါရိုက်တာ ကိုရဲမျိုးဟိန်း အခုလို ပြောပါတယ်။

“စခန်းတွေကို ကျနော်တို့ သွားဖြစ်တယ်။ စခန်းမှာနေတဲ့သူတွေရဲ့ ဒုက္ခအခြေအနေကို တွေ့တော့ ဥက္ကဋ္ဌ ဦးဇော်ဇော်ရယ်၊ ဧရာဝတီ ဖောင်ဒေးရှင်းအဖွဲ့သားတွေနဲ့ ပြန်တိုင်ပင်တော့ စခန်းတွေထဲက လူတွေက အရမ်းဒုက္ခရောက်နေတယ်။ တရက်ဆို တရက်ဆိုသလိုပဲ ထောင်တွေထဲမှာလိုပဲ ခံစားနေရတော့ ချက်ချင်းပြန်ခေါ်ဖို့ ကျနော်တို့ တိုင်ပင်တယ်။ သံရုံးကလူတွေကိုလည်း တိုင်ပင်ဆွေးနွေးပြီးတော့ စခန်းတွေထဲမှာ ပြန်ချင်တဲ့ လူတွေ စာရင်းကောက်လိုက်တယ်။ ပြန်ချင်တဲ့လူ ၂၀၀ ကျော်လောက်ရတယ်။ ပထမဆုံးအနေနဲ့ ကျနော်တို့ ၁၇၂ ယောက်ကို စင်းလုံးငှားလေယာဉ်နဲ့ ဒီကနေ ပြန်ပို့ပေးဖို့ စီစဉ်ထားပါတယ်။”

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၉ ခုမှာ မြန်မာ ၆၀၀ လောက်ရှိပြီး မြန်မာနိုင်ငံ မပြန်ချင်တဲ့သူက ၃၀၀ ကျော်ရှိပြီး ကုလသမဂ္ဂက ထုတ်ပေးမယ့် ဒုက္ခသည်အသိ အမှတ်ပြုကတ်ရ ဖို့ မျှော်လင့်နေကြတယ်လို့ ပြောပါတယ်။

ဇွန်လဆန်းပိုင်းက မလေးရှားနိုင်ငံ၊ ဆလာရမ်းဈေးအနီးနားတ၀ိုက် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် စိုးရိမ်ထိတ်လန့်ပြီး မြန်မာပြည်ပြန်ချင်တဲ့သူတွေကို ဧရာဝတီဖောင်ဒေးရှင်းက သွားရောက်အကူအညီပေးနေတာဖြစ်ပါတယ်။ ဒီနေ့ထိ ဖောင်ဒေးရှင်းအကူအညီနဲ့ မြန်မာပြည်ပြန်သွားသူပေါင်း ၁၅၀ လောက်ရှိပြီ ဖြစ်ပါတယ်။

မလေးရှားမှာ မေလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦး သေဆုံးပြီး လူ ၂၄ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံကလာတဲ့ တရားဝင်အလုပ်သမား သုံးသိန်းနဲ့ တရားမဝင် လေးသောင်းလောက် ရှိတယ်လို့ မလေးရှားဆိုင်ရာ မြန်မာသံ အမတ်ဦးတင်လတ်ရဲ့    ပြောကြားချက်အရ သိရပါတယ်။

From:News Collection

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...