Pages

Wednesday, June 12, 2013

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရန် ယူရိုကိုးသိန်း EU ထောက်ပံ့

Wednesday, June 12, 2013
မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နိုင် သည့် စွမ်းရည် မြှင့်တင်ရေးအတွက် ဥရောပသမဂ္ဂ (EU) က ယူရိုကိုးသိန်း ထောက်ပံ့ကြောင်း ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C. D.C) ထံမှ သိရသည်။ အထက်ပါလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်တွင်းဆိုင်ရာ စွမ်းဆောင် ရည် မြှင့်တင်မှု လုပ်ငန်းများ ဆောင် ရွက်နိုင် ရန် ထောက် ပံ့ခြင်းဖြစ်ကြောင်း Y.C.D.C ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြောကြားသည်။

အဆိုပါလုပ်ငန်းစဉ်ကို ကဏ္ဍသုံးခုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အီတလီနိုင်ငံ မှ Torino မြို့တော် မြူနီစပယ်၊ Lthaca တက္ကသိုလ်၊မြန်မာနိုင်ငံအခြေစိုက် CESVI WORLD AID အဖွဲ့အစည်းတို့နှင့် Y.C.D.C တို့က ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

လုပ်ငန်းများကို ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိ လူဦးရေ ထူထပ်သော လှိုင်သာယာ၊ တာမွေနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ပြည်သူလူထုနှင့် ထိတွေ့ဆောင်ရွက်မည်ပြီး လုပ်ငန်းကာလကို သုံးနှစ်သတ် မှတ်ထားကြောင်းY.C.D.C ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနထံမှ သိရှိရသည်။


"နိုင်ငံတကာက ပြည်သူ့အတွက် ထောက်ပံ့ပေးတာဖြစ်လို့ လုပ်ငန်းစဉ်တွေ လုပ်တဲ့အခါမှာ ပြည်သူတွေ သိနိုင်အောင် ပွင့်လင်းမြင်သာမှု ရှိရှိဆောင်ရွက်ဖို့ လိုပါတယ်"ဟု ဗဟန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာ ညိုညိုသင်းကသုံးသပ်ပြောကြား သည်။

ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲရန်၊ စည်ပင်သာယာရေးကော်မတီနှင့် အီတလီနိုင်ငံ Torino မြို့တော်မြူနီစီပယ်တို့ အမှိုက်သိမ်း ဆည်းခြင်း ဆိုင်ရာ လေ့လာရေးအဖွဲ့များ အပြန်အလှန် စေလွှတ်ရန်၊ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုအပေါ် JICA က စစ်တမ်းရယူပြုစုထားသော ကိန်းဂဏန်းများကို အခြေခံ၍ ရေတိုစီမံချက်များ ရေးဆွဲရန်၊ ရုံးချုပ်မှ မြို့နယ်အသီးသီးသို့ တိုက်ရိုက်စီမံခန့်ခွဲနိုင်ရန်၊စက်မှုဇုန်ထွက်အမှိုက်များကို စောင့်ကြည့်လေ့ လာခြင်း များ ဆောင်ရွက်ရန်၊ (Reuse, Reduce, Recycle)3Rs လုပ်ငန်းစဉ်ကို တိုးမြှင့်ရန်၊ အမှိုက်မှ ထွက်လာမည့် သဘာဝမြေဆွေးကို အသုံးပြုမှု များလာစေရန်အတွက်ဈေးကွက်ရှာဖွေရန်နှင့် အခြားသော လုပ်ငန်းစဉ်များ လည်း ပါဝင်ကြောင်း YCDC ကော်မတီဝင်(၃) ဦးညီညီ က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များရှိ အမှိုက်ကန်များမှတစ်ဆင့် စွန့်ပစ်အမှိုက် တစ်ရက်လျှင် တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း YCDC ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...