Pages

Sunday, June 30, 2013

Time မဂ္ဂဇင်းကို ရန်ကုန်မြို့ခံ ၇ဝဝ ကျော် ဆန္ဒပြ

The Face of Buddhist Terror ခေါင်းစဉ်နဲ့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို မျက်နှာဖုံးတင် ရေးသားဖော်ပြထားတဲ့ ဇူလိုင်လ ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို သံဃာတော်တွေအပါအဝင် အင်အား ၇ဝဝ ကျော်က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။

ဗုဒ္ဓဘာသာဟာ မေတ္တာတရားကို အခြေခံတဲ့ ငြိမ်းချမ်းရေးဝါဒဖြစ်တယ်ဆိုတာ ကမ္ဘာကသိစေချင်တဲ့အတွက် ဆန္ဒပြကြရတာဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက RFA ကို မိန့်ကြားပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ သံဃာနဲ့ ပြည်သူတွေဟာ တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း ကြွေးကြော်ခဲ့ကြပြီး မဟာဗန္ဓုလပန်းခြံကို တစ်ပတ်လှည့်လည်ခဲ့ကြပါတယ်။

TIME မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ဆောင်းပါးကို နိုင်ငံတော်သမ္မတရုံးက ကန့်ကွက်ထားသလို၊ အစိုးရက ဖွဲ့စည်းထားတဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကလည်း ဇူလိုင်လ ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်း ဖြန့်ချိရောင်းချခွင့်မပြုဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတချို့ကလည်း TIME မဂ္ဂဇင်းဆောင်းပါးကို ကန့်ကွက်ကြောင်း သဘောထား ကြေညာချက်တွေ အသီးသီးထုတ်ပြန်ထားပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေအပေါ် အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ မြန်မာအစိုးရကို မလေးရှားနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

ဘရူနိုင်းနိုင်ငံ၊ မြို့တော် Bandar Seri Begawan မှာ ကျင်းပနေတဲ့ ၄၆ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည်ညီလာခံပြင်ပမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံတွင်းက လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ဖြစ်ရပ်တွေဟာ မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအပေါ် သက်ရောက်မှုတွေရှိခဲ့ကြောင်း၊ အကြမ်းဖက်အောင် လှုံ့ဆော်သူတွေကို တရားဥပဒေအရ ပွင့်လင်းမြင်သာမှုရှိရှိ အရေးယူဖို့ တိုက်တွန်းကြောင်း၊ ဒါ့ပြင် OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ခွင့်ပြုစေလိုကြောင်း ပြောဆိုခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...