Pages

Tuesday, July 23, 2013

အင်းလေးကန် ဓာတုအဆိပ် လျှော့ချရေး ကျပ်သိန်း ၁၅၀ ကျော် သုံးစွဲမည်

ကျွန်းမျောခရမ်းချဉ်သီး စိုက်ခင်းများတွင် ဓာတုဓာတ်မြေသြဇာများ အလွန်အကျွံသုံးစွဲမှုကြောင့် ရေထု ညစ်ညမ်းပြီး အဆိပ်သင့်နေမှုကို လျှော့ချနိုင်ရန်အတွက် မြန်မာငွေကျပ် ၁၅၁ သိန်း သုံးစွဲမည့် စီမံကိန်းကို ဇူလိုင်လအတွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း အင်းလေးကန် ရေရှည် တည်တံ့စေရေး စီမံချက်မှ စိမ်းလှနန္ဒာ စိုက်ပျိုးရေးလုပ်ငန်း စီမံကိန်းမန်နေဂျာ ဦးသာဒိုးက ပြောကြားသည်။

အင်းလေးကန် ရေဝေရေလဲ နယ်မြေများနှင့်ကန်အတွင်းရှိ ကျေးရွာများတွင် သစ်တောများ ပြန်လည်ထူ ထောင်ရေး ကျွန်းမျောစိုက်ခင်း ဖြစ်ထွန်းနေမှု အကျယ်အဝန်းဧရိယာကို ကန့်သတ်ရန် ကြိုးပမ်းခြင်း၊သဘာဝအလျောက် အော်ဂဲနစ် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ခြင်း၊ အသိပညာပေးခြင်း၊ လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိအောင်ဆောင်ရွက်ခြင်းစသည့်အသေးစား၊အလတ်စား စီမံကိန်းများကို ဆောင်ရွက်ရန်အတွက် ပြည်တွင်းနှင့် ဒေသခံလူမှုအဖွဲ့အစည်း ၈ ဖွဲ့ကို အမေရိကန်ဒေါ်လာ သုံးသိန်းခွဲချထားပေးခဲ့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ အမျိုးသား အဆင့် စီမံကိန်းမန်နေဂျာ ဦးထွန်းပေါ်ဦးက ဆိုသည်။

အဆိုပါ ချထားပေးမှုတွင် ၎င်းတို့အဖွဲ့ အနေနှင့် ကျွန်းမျောများပေါ်တွင် စိုက်ပျိုးသည့် ခရမ်းချဉ်သီး စိုက်ခင်း များတွင် ဓာတုဓာတ်မြေသြဇာများ သုံးစွဲမှုကိုလျှော့ချရန် အမြင့်တစ်ပေနှင့် လုံးပတ် ၁၀ လက်မရှိသော ပလတ်စတစ် Container (ထည့်စရာအိတ်) သုံးသောင်းကျော်ကို အသုံးပြု၍ ဒေသခံတောင်သူများနှင့်အတူ စိုက်ပျိုးရန် စီစဉ်ထားကြောင်း၊ အဆိပ်သင့်မှုလုံးဝမရှိဘဲ ခရမ်းချဉ်သီးဈေးနှုန်းကို ယှဉ်ပြိုင်ရရှိနိုင်သည့် နဂါးမောက်အပင်များကိုလည်း စိုက်ပျိုးသွားရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသာဒိုးက ရှင်းပြသည်။

အင်းလေးကန်အတွင်း ခရမ်းချဉ်သီး စိုက်ခင်းများတွင် အသုံးပြုသည့် ဓာတုဓာတ်မြေသြဇာများကြောင့် ရေထုညစ်ညမ်းပြီး အဆိပ်သင့်မှုများဖြစ်ကာ ကန်အတွင်းရှိ ငါးမျိုးစိတ်များ သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း၊ ၎င်းအပြင် ကန်ရေသည် ဒေသခံလူထု သောက်သုံးရန် အတွက်လည်း အန္တရာယ်ရှိသည့် အခြေအနေတွင် ရှိနေကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ထိန်းသိမ်းရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...