Pages

Wednesday, July 17, 2013

ခရုများအသုံးပြုသည့် အိုမင်းရင့်ရော်မှုကာကွယ်ရေး ကုထုံးသစ်

Myawady News
ခရုများအသုံးပြုသည့် အိုမင်းရင့်ရော်မှုကာကွယ်ရေး ကုထုံးသစ်
Wednesday, July 17, 2013
ခရုအရှင်များကို လူ၏ မျက်နှာပေါ်တွင် တွားသွား ရွေ့လျားစေခြင်းဖြင့် မျက်နှာမှ အရေးအကြောင်းများကို လျော့ကျစေပြီး အိုမင်းရင့်ရော်သည့် လက္ခဏာရပ်များကို အတိုင်းအတာ တစ်ခုထိ ဖယ်ရှားပေးနိုင်မည်ဟု ယင်းအလှပြင် လုပ်ငန်းက ဆိုသည်

ဂျပန်နိုင်ငံရှိ အလှပြုပြင်ရေး လုပ်ငန်းတစ်ခုသည် အိုမင်းရင့်ရော်မှုကို ခရုများဖြင့် တိုက်ဖျက်သည့် ကုထုံးတစ်ရပ်ကို ကျင့်သုံးနေကြောင်း သိရှိရသည်။ ခရုအရှင်များကို လူ၏ မျက်နှာပေါ်တွင် တွားသွား ရွေ့လျားစေခြင်းဖြင့် မျက်နှာမှ အရေးအကြောင်းများကို လျော့ကျစေပြီး အိုမင်းရင့်ရော်သည့် လက္ခဏာရပ်များကို အတိုင်းအတာ တစ်ခုထိ ဖယ်ရှားပေးနိုင်မည်ဟု ယင်းအလှပြင် လုပ်င...န်းက ဆိုသည်။ ခရု၏ ကြွက်သားများတွင် Hyularonicအက်ဆစ်ကဲ့သို့ အိုမင်းမှုကို ဆန့်ကျင်သော ဓာတ်ပစ္စည်းများ၊ ပရိုတိန်းနှင့် Antioxidantများ ကြွယ်ဝစွာ ပါဝင်နေကြောင်း သိရသည်။ တိုကျိုရှိ Clinical Salonတွင် ယင်းကုထုံးအတွက် ဈေးကြီးကြီးဖြင့် ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်။
Daily Mailတွင် ဖော်ပြမှုအရ ယင်းကုထုံးသည် ဗြိတိန်သုံးငွေ (၁၆၁)ပေါင်မျှ ကုန်ကျကြောင်း သိရသည်။ နောက်ဖေး ဥယျာဉ်ထဲတွင် မနှစ်မြို့စရာ သတ္တဝါများအဖြစ် တွေ့မြင်နိုင်သော်လည်း အမှန်အားဖြင့် ခရုများသည် လူအများအတွက် ရန်သူထက် မိတ်ဆွေဆန်သော သက်ရှိများဟု Clinical Salonမှ အလှပြုပြင်ရေး ပညာရှင်များက ပြောကြားခဲ့သည်။ ခရု၏ ကြွက်သားမှ ထွက်ပေါ်လာသော အကျိအချွဲများသည် အားကောင်းသော ပရိုတိန်းနှင့် အခြားသော အကျိုးပြု ဓာတ်ပစ္စည်းများ ကြွယ်ကြွယ်ဝဝ ပါဝင်နေပြီး လူ့အရေပြားကို စိုပြေစေကာ ရောင်ရမ်းမှုများကို လျော့ပါးစေနိုင်သလို ဆဲလ်အသေများကို ဖယ်ရှားပေးကြောင်း သိရသည်။
မိနစ်(၆၀)ကြာသော ကုသမှုတွင် ခရုများ မျက်နှာပေါ် မတင်ပေးမီ မျက်နှာအရေပြားကို သန့်စင်အောင် ဆေးကြောရပြီး ထို့နောက်တွင်မှ နဖူးနှင့် ပါးပြင်များပေါ် ခရုအရှင်များ တင်ပေးခြင်း ဖြစ်သည်။ ခရုများကို ၎င်းတို့ စိတ်တိုင်းကျ လွတ်လပ်စွာ ရွေ့လျား သွားလာခွင့် ပေးထားသည်။ ယင်းကုထုံးကို Celebrity Escargot Courseဟု အမည်ပေးထားပြီး မျက်နှာဖုံး တပ်ဆင်ကာ မျက်နှာကြွက်သားများကို လျှပ်စစ်တုန်ခါမှု ကိရိယာငယ်လေး တစ်ခုဖြင့် နှိပ်ပေးခြင်းမျိုးလည်း ပေါင်းစပ် ထည့်သွင်းပေးထားသည်။ ထိုကုထုံး တစ်ခုလုံးအတွက် ကုန်ကျစရိတ်မှာ (၁၆၁)ပေါင်ကျသင့်ခြင်း ဖြစ်သည်။
Clinical Salonမှ အရောင်းမန်နေဂျာ ယိုကိုမီနီယာမီက "ခရုရဲ့ အကျိအချွဲတွေက မျက်နှာပေါ်က အရေပြား ဆဲလ်တွေကို ပြန်လည် ကောင်းမွန်စေတယ်လေ။ ဒါကြောင့်လည်း မျက်နှာပေါ်က ထိခိုက်ထားတဲ့ ဆဲလ်တွေကို ကုသဖို့ ခရုတွေကို အသုံးပြုမယ်လို့ ဆုံးဖြတ်ခဲ့တာပါ"ဟု ရှင်းပြခဲ့သည်။ ခရုများဖြင့် ကုသခြင်းသည် နေလောင်သည့် အရေပြား ထိခိုက်မှုမျိုးကဲ့သို့ အခြေအနေများ အတွက်ပါ အသုံးဝင်ကြောင်းလည်း မီနီယာမီက ဆက်လက် ပြောကြားသွားသည်။ မှတ်တမ်းများအရ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်သည့် အလှပြင် ပစ္စည်းများတွင် ခရု၏ အကျိအချွဲများကို အသုံးပြုခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀)ကျော် ကတည်းကဟုလည်း သိရှိရသည်။

Planet.com.mm

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...