ကမ္ဘာလုံး အတိုင်းအတာဖြင့် ပြုလုပ်သော စစ်တမ်း ကောက်ယူချက်အရ အကျင့်ပျက် ခြစားမှုများ သည် လွန်ခဲ့သည့် ၂ နှစ်တာ ကာလပတ်အတွင်း ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း ယင်း စစ်တမ်း ကောက်ယူ သည့်အဖွဲ့၏ ထုတ်ပြန်ချက်ကို AP သတင်းဌာနက ကိုးကား ဖော်ပြသည်။
ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေစိုက်အကျိုးအမြတ်မယူသည့် အဖွဲ့ဖြစ်သော Transparency International-TI က အဆိုပါ စစ်တမ်းကို ကမ္ဘာလုံးအတိုင်းအတာဖြင့် ကောက်ယူခဲ့ရာ စစ်တမ်းကို ဖြေကြားသူ ထက်ဝက်ကျော်ခန့်က အဂတိ လိုက်စားမှုများသည် ၂ နှစ်ခန့် ကာလအတွင်း ဆိုးရွားလာသည်ဟု တုံ့ပြန် ဖြေကြား ကြပြီး လေးပုံ တစ်ပုံခန့်ကမူ လွန်ခဲ့သည့် ၁၂ လတာ ကာလအတွင်း အစိုးရ အရာရှိကြီးများကို တံစိုး လက်ဆောင်များပေးခဲ့ရသည်ဟု ဆိုကြသည်။
‘ပြည်သူများသည် အင်စတီကျူးရှင်းကြီးများက ၎င်းတို့ကို ကာကွယ်ပေးမှု၊ အကူအညီ ပေးနိုင်မှုနှင့် ပတ်သက်၍ ယုံကြည်မှု အနည်းငယ်မျှသာ ရှိကြသည်။ ယင်း အင်စတီကျူးရှင်းကြီးများတွင် ရဲတပ်ဖွဲ့၊ တရားရုံးနှင့် နိုင်ငံရေး ပါတီများ ပါဝင်သည်’ ဟု TI က ဆိုသည်။
ထို့ပြင် စစ်တမ်း ဖြေကြားသူများက ၂၀၀၈ ခုနှစ် ကမ္ဘာ့ ဘဏ္ဍာရေးနှင့် စီးပွားရေး အကျပ်အတည်း ကာလမှ စတင်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြိုးပမ်းချက်များမှာ ဆိုးရွားလာသည်ဟု ယုံကြည် ကြသည်။
TI အဖွဲ့ သည် အဆိုပါစစ်တမ်းကို ‘ကမ္ဘာလုံးဆိုင်ရာအဂတိလိုက်စားမှု ဘာရိုမီတာ ၂၀၁၃’ ဟု ခေါင်းစဉ်ပေး ခဲ့ပြီး နိုင်ငံပေါင်း ၁၀၇ နိုင်ငံတွင် လူပေါင်း ၁၁၄,၀၀၀ ဦးကို ကောက်ယူခဲ့ခြင်းဖြစ်သည်။
စစ်တမ်း ဖြေကြားသူ ၂၇ ရာခိုင်နှုန်းက ၎င်းတို့သည် ပြီးခဲ့သည့် ၁၂ လတာ ကာလအတွင်း ပြည်သူ့ ဝန်ဆောင်မှု သို့မဟုတ် အစိုးရ အင်စတီ ကျူးရှင်းကြီးများကို ငွေကြေး လာဘ်လာဘ ပေးခဲ့ရသည်ဟု ဆိုကြသည်။
ယခုတစ်ကြိမ် စစ်တမ်း ကောက်ယူရာတွင် ဆင်းရဲနွမ်းပါးမှုနှင့် အဂတိ လိုက်စားမှုတို့အကြား ဆက်စပ်မှုကို တွေ့ရှိခဲ့ရကြောင်း၊ တံစိုး လက်ဆောင် ယူမှုနှင့် အကျင့်ပျက် ခြစားမှုနှုန်း အမြင့်ဆုံးနိုင်ငံ ၁၀ နိုင်ငံအနက် ရှစ်နိုင်ငံမှာ အာဖရိကတိုက်မှ ဖြစ်ကြောင်း TI မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။
နိုင်ငံပေါင်း ၃၆ နိုင်ငံမှ စစ်တမ်း ဖြေကြားသူများက ရဲတပ်ဖွဲ့သည် အဂတိ လိုက်စားမှု အကျူးလွန်ဆုံး အဖွဲ့အစည်းအဖြစ် ရှုမြင်ကြပြီး နိုင်ငံပေါင်း ၂၀ မှ ဖြေကြားသူများက တရားစီရင်ရေး အမှုထမ်းများကို တံစိုးလက်ဆောင်နှင့် လာဘ်လာဘ အရယူဆုံး ပုဂ္ဂိုလ်များအဖြစ် ရှုမြင်ကြသည်။
နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ဖြေကြားသူများကမူ နိုင်ငံရေး ပါတီများကို အဂတိ လိုက်စားမှုတွင် အဆိုးရွားဆုံး သော အဖွဲ့အစည်းအဖြစ် ရှုမြင်ကြသည်ဟု TI ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြေကြားသူများ၏ သုံးပုံ နှစ်ပုံခန့်၏ အဆိုအရ ၎င်းတို့ကို လာဘ်ထိုးရန်တောင်းဆိုမှုများ ရှိခဲ့သော်လည်း လာဘ်ပေးမှု မပြုလုပ်ခဲ့ကြပေ။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...