ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မီးရှို့ခံခဲ့ရသည့် ဂျာမေဗလီကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့က ပြန်လည်ဖွင့် လှစ်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း လားရှိုးမြို့ရှိ မွတ်ဆလင် ဘာသာရေးအသင်း ဥက္ကဋ္ဌဒေါက်တာတင်အောင်က ပြောကြားသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီး လားရှိုးမြို့ ခရီးစဉ်အတွင်း ဇူလိုင်လ ၁၄ ရက်နေ့ကမွတ်ဆလင် ဘာသာရေးအသင်းနှင့် တွေ့ဆုံကာ ယင်းသို့ဖွင့်လှစ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ
၁၅ ရက်နေ့တွင် ဗလီကို သန့်ရှင်းရေးလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့တွင် ဝတ်ပြုမှုများကို ပြုလုပ်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ဗလီကို သန့်ရှင်းရေးလုပ်ခွင့် ပြုလိုက်ပြီဖြစ်ပြီး မီးလောင်ထားသည့်အတွက် ပြုပြင်ရမည် ဖြစ်သဖြင့်ခွင့်ပြုချက် တောင်းခံရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စများ ပြီးစီးမှသာ ဖွင့်လှစ်ခွင့် ရရှိမည် ဖြစ်ကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့က အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်း မီးရှို့ခဲ့ရာမှ စတင်ကာ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ခြင်းနှင့် ဂျာမေဗလီ မီးရှို့ခံရခြင်း အပါအဝင် အစ္စလာမ် မိဘမဲ့ စာသင်ကျောင်း၊ နေအိမ်နှင့် အခြားအရများ မီးလောင်ပျက်စီးခဲ့သည်။အစ္စလာမ် မိဘမဲ့စာသင်ကျောင်းကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့် မရရှိသေးသဖြင့် ယင်းကျောင်းမှကလေးငယ်များ
အတွက် အခက်အခဲ ဖြစ်နေကြောင်း ဒေါက်တာတင်အောင်က ဆိုသည်။
ပဋိပက္ခများတွင် ဖျက်ဆီးခံရသည့် ဗလီပေါင်း ၆၀ ကျော်ရှိပြီး ယင်းဗလီများ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရန် နိုင်ငံတော်သမ္မတထံသို့ စာနှင့်တကွတောင်းဆိုထားပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ကလည်း ကြိုးစား လုပ်ဆောင်ပေးနေကြောင်း အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောကြားသည်။
LC ၊ နေမျိုးနွယ်
The Voice Weekly

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...