
မြန်မာနိုင်ငံတွင် မကြာမီအကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန်များ ပြီးစီးမည်ကို အရှေ့တောင် အာရှစီးပွားရေး နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများက စိုးရိမ်လာကြကြောင်း စီးပွားရေးဆိုင်ရာပညာရှင်များက ပြောကြသည်။
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့က ဦးဆောင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အကြောင်းအရာ ဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်လျက်ရှိသည့် ရေနက်ဆိပ်ကမ်း ပူးတွဲပါရှိသော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ရှိသော ကျောက်ဖြူရေနက် ဆိပ်ကမ်း အထူးစီးပွားရေးဇုန်၊ ထားဝယ် အထူးစီးပွားရေး ဇုန်၊သီလဝါ အထူးစီပွားရေးဇုန်များသည် အရှေ့တောင် အာရှနိုင်ငံများတွင် မည့်သည့် နိုင်ငံမှ မတည်ရှိသော ပထဝီဆိုင်ရာ အချက်အချာကျသော နေရာတွင် တည်ရှိနေခြင်းကြောင့် ယင်းနိုင်ငံများက စိုးရိမ်ကြခြင်းဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက်ကရှင်းပြသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် သတ်မှတ်ထားသော မြေနေရာသည် စင်ကာပူနိုင်ငံ ထက် နှစ်ဆကျယ်ဝန်းပြီး ၎င်းသည် အားသာချက်ဖြစ်သည်ဟု ဒေါက်တာအောင်ထွန်းသက်ကဆိုသည်။
ကျောက်ဖြူရေနက်ဆိမ်းကမ်း အထူးစီးပွာရေးဇုန်သည် စကာပူနိုင်ငံ ဆိမ်ကမ်းနှင့် မလက္ကာ ရေလက်ကြား တို့ကိုဖြတ်သန်းသွားလာစရာ မလိုဘဲ အချိန်တိုအတွင်း ဥရောပမှတရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားလာနိုင်သည်။
“ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံကို ယှဉ်လို့မရတဲ့အချက်က မြန်မာနိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အရှေ့အာရှ နိုင်ငံတွေကို ကုန်းလမ်းဆက်သွယ်နိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေတာပဲ” ဟု ဒေါက်တာအောင်ထွန်းသက် ကဆိုသည်။
ကုန်းလမ်းက ရေလမ်းထက် အချိန်ကုန် သက်သာသဖြင့် လုပ်ငန်းရှင်များက သဘောကျကြသည်။
မြန်မာနိုင်ငံသည် အထူးစီးပွားရေးဇုန်များကို အကောင်အထည် ဖော်ရာတွင် တုံ့ဆိုင်းမနေသင့်ဘဲ အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေးဇုန် ပြုပြင်ပြောင်းလဲခဲ့ရာတွင် တံငါရွာကို အထူးစီးပွားရေးဇုန် လုပ်၍ စတင်ခဲ့ရာမှ ယခုအခါတွင် နိုင်ငံလူပေါင်း သန်းနှစ်ရာခန့်ကို အလုပ်အကိုင်ပေးနိုင်သည့် အနေအထား အထိပင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အိမ်းနီချင်းနိုင်ငံများ နှင့် ယှဉ်လျှင် နှစ်၂၀ခန့်ပင် နောက်ကျနေသောကြောင့် အမြန်ဆုံး အကောင်အ ထည် ဖော်သင့်ကြောင်း မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၏ ဘောဂဗေဒ အဖွဲ့ခေါင်းဆောင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က ထောက်ခံပြောကြားသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် အကြီးဆုံးဖြစ်လာမည်ဆိုသည့် ထားဝယ် အထူး စီးပွားရေးဇုန်ကို ၂၀ဝ၈ ခုနှစ်တွင် မြန်မာအစိုးနှင့်
အီတာလျှံ-ထိုင်း ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပြီး ယင်းဇုန် ဧရိယာသည် မြေဧကစုစုပေါင်း ခြောက်သောင်း ကျော် ကျယ်ဝန်းပြီး ရေနက်ဆိမ်းကမ်းနှင့် စက်မှုဇုန် အမြောက်အမြား ပါဝင်ကာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။
သီလဝါအထူးစီးပွားရေးကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးတို့ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီထားပြီး အဆိုပါအထူးစီးပွားရေးဇုန်တွင် အဆင့်မြင့် စက်မှုလုပ်ငန်းများနှင့် အထည်ချုပ်စက်ရုံ များ၊ သင်္ဘောဆိမ်းကမ်းတို့ ပါဝင်ပြီး ဧက ၅၀ဝ၀ကျယ်ဝန်းသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို စတင် အကောင်အထည် ဖော်ရန် ဒေသခံ များနှင့် တွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းစီမံကိန်း ဆောက်လုပ်ရန်အတွက် နိုင်ငံတကာသို့ တင်ဒါခေါ်ရန် စီစဉ်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသည် အထူးစီးပွားရေး ဇုန် ၁၅၀ရှိပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတွင် ၃၅၊ ဖိလစ်ပိုင်နိုင်ငံတွင်၂၀၊ မလေးရှားနိုင်ငံတွင်၂၅၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁၂ ခန့်ရှိသည်။
From: Mizzima
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...