မီးအိမ်ရှင်သီချင်းဖြင့် လူသိများအောင်မြင်လာသည့် တေးသံရှင် ဆိုတေး၏ကျန်းမာရေးအခြေအနေမှာ ၎င်း၏ကုသိုလ်ကံ ပေါ်တွင် မှီခိုနေကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးကဆိုသည်။
“ သူ့ခေါင်းကကြေသွားတာမဟုတ်တဲ့အတွက် ခွဲစရာတော့မလိုဘူး ၊နောက်ပြီးခေါင်းထဲမှာ ရှိတဲ့သွေးကြောတွေ ပေါက်ခြင်းပြုခြင်း မရှိတဲ့အတွက် တော်သေးတယ်ပြောရမယ် ၊ဦးနှောက်အဆံချောင် သွားတာပေါ့ ” ဟု အဆိုပါခွဲစိတ်ဆရာဝန်ကြီးက ပြောသည်။
အဆိုပါရောဂါသည် အိပ်ရာထဲတွင် ၄၅ရက်နေပြီးမှ ဒုတိယ ၄၅ရက်အတွင်းသက်သာလာမည်ဖြစ်ပြီး ကျန်းမာရေးပြန် လည်ကောင်းမွန်ရန်မှာ ကာယကံရှင်၏ ကုသိုလ်ကံသာဖြစ်သည်ဟု အဆိုပါ ဆရာဝန်က ဆက်ပြောသည်။
“ ပုံမှန်အတိုင်းဆေးထိုးဆေးသွင်းပဲ လုပ်လို့ရမယ် ၊အသက်ရှုစက်တပ် ထားတယ်ဆိုပေမယ့် နှစ်လုံးခုန်နှုန်းတို့ ဘာတို့ ကောင်းနေတယ် ၊ကျွန်တော်တို့အတွေ့အကြုံအရ ဆိုရင် ကောင်းလာဖို့ မျှော်လင့်ပါတယ် ” ဟုဆရာဝန်ကြီးက ဆက်ပြောသည်။
တေးသံရှင်ဆိုတေးအား မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကု သဆောင်တွင် ကုသနေခိုက်ဆိုတေး၏ ပရိတ်သတ်များက လာရောက်စောင့် ဆိုင်းလျှက်ရှိကြောင်းသိရပြီးလူနာအား တွေ့ခွင့်တောင်းခံနေကြကြောင်း
ဆေးရုံကြီးမှကျန်းမာရေးဝန်ထမ်းများက ဆိုသည်။
“ မနက်ကတည်းက တောက်လျှောက်လာနေတာပဲ ၊ Facebook မှာသေပြီဆိုပြီးသတင်းတွေတက်လာတော့ ပိုဆိုးသွားတယ် ” ဟု အဆိုပါ အမျိုသမီးကျန်းမာရေးဝန်ထမ်းကပြောသည်။
ဆိုတေး၏ကျန်းမာရေးအတွက် ပိုမိုသိရှိရန် ကာယကံရှင်၏မိသားစုဝင်များနှင့် ဆက်သွယ်ခဲ့ပြီး ကြတ်မပ်ဆောင်အတွင်း လူနာစောင့်နေသော တေးသံရှင် ဆိုတေး၏ အကိုဖြစ်သူက ဖြစ်စဉ် အကျဉ်းကိုယခုလို ပြောကြားခဲ့သည်။
“ တောင်သာမှာလုပ်တဲ့ ဖိုးချစ်ပွဲမှာ သီချင်းဆိုဖို့သွားတာပါ ၊ရန်ကုန်ကထွက်သွားတော့ သူကိုယ်တိုင်မောင်း သွားတယ် ၊ လမ်းတစ်ဝက်ကျမှ လူလဲပြီးမောင်းသွားတာပါ ၊ ကားက အာမခံထားထားပါတယ် ၊ ဒါတွေကိုတော့ကျွန်တော်တို့ အတိအကျမသိသေးပါဘူး သူသတိပြန်လည်လာမှပဲ ကားအာမခံကိစ္စဆက်လုပ် ဖြစ်မယ်ထင်တယ် ” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆက်လက်ပြီး Facebook စာမျက်နှာတွင်ပျံ့နှံ့နေသော ဆိုတေး၏ဇနီးဖြစ်သူချောချောမှာ ကွယ်လွန်သွားပြီးဟု ဖေါ်ပြနေမှု အပေါ်တေးသံရှင်ဆိုတေး၏မိသားစုဝင်များက ငြင်းဆိုခဲ့ပြီး ဆိုတေးမှာအိမ်ထောင်မရှိသေးကြောင်း ပြောဆိုခဲ့သည်။
“ ဆုံးသွားတဲ့ချောချောက ဆိုတေးရဲ့အမျိုးသမီးမိတ်ဆွေဖြစ်တယ် Facebook မှာအများရေးနေကြသလို ဆိုတေးရဲ့ ဇနီးဆိုတာမဟုတ်ပါဘူး ” ဟု ကာယကံရှင်ဆိုတေး၏မိသားစုဝင်များက ပြောကြားခဲ့သည်။်
From: (မြစ်မခ)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...