Pages

Sunday, July 21, 2013

၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်၍ သမ္မတ မဖြစ်သော်လည်း ဒေါ်စု နိုင်ငံအကျိုးအတွက် ဆက်လက် ကူညီနေမည်ဟုပြောပြီ

ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်လျှင်လည်း NLD အနေဖြင့် နိုင်ငံ့အကျိုးကို ရှေးရှုပြီး အကောင်း ဆုံးလမ်းကိုသာ ဆက်လျှောက်မည်
၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း မပြုပေးလျှင်လည်း NLD အနေဖြင့် တံခါးဖွင့်ထားပြီး နိုင်ငံ့အကျိုးကို ရှေးရှုကာ အကောင်းဆုံးလမ်း ကို  လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇူလိုင် ၁၈ ရက်က ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သော မြန်မာဂျာနယ်လစ် ကွန်ရက်အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့ တွေဆုံပွဲတွင် သတင်းထောက်တစ်ဦး ၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

“အဲဒီတော့ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်လို့ရှိရင် NLD က ဘာလုပ်မလဲဆိုတဲ့ ကိစ္စပါ။ အမြဲတမ်း ပြောဖူးပါတယ်။ ကျွန်မက တံခါးပိတ်ထားတဲ့ နိုင်ငံတွေကို အယုံအကြည် မရှိဘူး။ တံခါးဖွင့်ထားတဲ့ နိုင်ငံတွေကိုပဲ အယုံအကြည် ရှိတယ်။ ဒါကြောင့်မို့လို့ အခုကနေစပြီးတော့ ဟိုဟာဆို မလုပ်ဘူး။ ဒီဟာဆို မလုပ်ဘူးလို့ဆိုတဲ့ဟာမျိုး ကျွန်မတို့ မပြောပါဘူး။ ကျွန်မတို့က တံခါးတွေအားလုံး ဖွင့်ထားပါတယ်။ ဘာပဲပြောပြော ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပိတ်ထားတဲ့ အလုပ်တွေ မလုပ်ဘူး။ နောက်ဆုံးတိုင်တံခါးတွေ အားလုံးဖွင့်ထားတယ်။ အကောင်းဆုံး လမ်းကိုပဲ နိုင်ငံရဲ့အကျိုးကို ရှေးရှုပြီးတော့ လျှောက်လှမ်းသွားမယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး မျှော်လင့်ချက်ရှိပြီး ပြည်သူလူထုက လိုလားကာ တရားမျှတသည့် ကိစ္စကို အားလုံးမှဝိုင်းပြီး တတ်နိုင်သောဘက်မှ ဖော်ဆောင်ပေးမည်ဟု မျှော်လင့်ထားကြောင်း၊ သို့သော်ထိုင်၍ မျှော်လင့်နေရုံမျှ မဟုတ်ဘဲ အကောင်အထည် ပေါ်နိုင်စေရန် ကြိုးစားရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

From:Eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...