Pages

Tuesday, July 30, 2013

ထိုင်း-မြန်မာနယ်စပ် မြ၀တီနှင့်မဲဆောက်တွင် ရေကြီး

ခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ  အဆက်မပြတ်ရွာသွန်းခဲ့တဲ့အတွက် ထိုင်း- မြန်မာနယ်စပ် မှာ  သောင်ရင်းမြစ်ရေလျှံပြီး ကရင်ပြည်နယ် မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပါ  ရေကြီးနေတဲ့အတွက်  ထောင်သောင်းချီတဲ့ မြို့ခံတွေ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပါတယ်။မြ၀တီမြို့မှာ မနေ့က စပြီး မြစ်ရေကြီးမှုကြောင့် ရပ်ကွက် ၅ ခု ရေနစ်မြုပ်နေပြီး မြေနိမ့်ပိုင်း ရပ်ကွက်တွေဖြစ် တဲ့ အမှတ် ၂ နဲ့ ၅ ရပ်ကွက်တွေမှာ ရေဘေးဒဏ် အဆိုးဆုံး ခံစားနေရတာပါ။


မြစ်ကမ်းနားမှာရှိတဲ့ အိမ်တချို့လည်း ရေထဲမျောပါသွားခဲ့တဲ့အတွက် နေအိမ်တွေ စွန့်ခွာပြီး  ရေဘေးလွတ် ရာ ရွှေ့ပြောင်းခဲ့ရတဲ့ ရေဘေးဒုက္ခသည်ပေါင်း ၁ သောင်းကျော်လောက် ရှိနေတယ်လို့ မြို့ခံတွေက ပြောတယ်။

ဒုက္ခသည်တွေကို ကုန်းမြင့်တွေမှာရှိတဲ့ ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေမှာ   ပြောင်း ရွှေ့နေရတယ်လို့   မြ၀တီမြို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဆက်ဆံရေးရုံတာဝန်ခံ ဗိုလ်မှူးစောလယ်မူးက ပြောပါတယ်။

“အမှတ် ၄ အုပ်ချုပ်ရေးမှူးရုံးအရှေ့နဲ့ မြ၀တီ အထက ကျောင်းအရှေ့တ၀ိုက်ပေါ့။ ရေတွေ လွှမ်းပြီးတော့ ကျောင်းထဲကို ရေတွေဝင်နေတယ်။ အမှတ် ၅ တ၀ိုက်မှာ ဘုန်းကြီးကျောင်း ပြေးတဲ့လူပြေးနဲ့ ရှုပ်နေတာပဲ။ ကားအနိမ့်ကလေးတွေ သွားလို့မရတော့ဘူး။ အမှတ် ၄ ရပ်ကွက် မြို့သစ်၊ ဘုရင့်နောင်ဈေးဘက်အခြေမ်းမှာတော့ မပါသေးဘူး။ အဆိုးဆုံးကတော့ ဒီအနိမ့်ပိုင်းမှာကျတဲ့ အိမ်တွေဟာ မြုပ်ကုန်တဲ့ အခါကျတော့ လူတွေဟာ ပစ္စည်းတွေ ဟိုဆွဲဒီဆွဲနဲ့ ပြေးလွှားနေကြတယ်။ အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက်ရယ်၊ အဲဒီရပ်ကွက်တွေဟာ အဆိုးဆုံးပဲ။ ခါတိုင်းရေကြီးတယ်ဆိုတာက ဒီသောင်းရင်းမြစ်ကရေလျှံပြီးတော့ ကြီးတာပေါ့။ အခုကျတော့ မိုးရေက တအားများတဲ့ အခါကျတော့ ရေထွက်ပေါက်တွေ မရှိဘဲနဲ့ အဲဒီလိုမျိုးရေကြီးနေတာ။”

မြ၀တီမြို့ ပုံမှန်မြစ်ရေလျှံပြီး ရေကြီးတာက သုံးနှစ်တကြိမ်ဖြစ်တတ်ပြီိး ရေပြန်ကျဖို့ တပတ်လောက် စောင့်ရဖွယ်ရှိတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

မြ၀တီမြို့တွင်းလမ်းတွေ ရေကျော်နေတဲ့အတွက် လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်ပြီး ကုန်ကားတွေ ထွက်လို့မရဘဲ  ကုန်သွယ်မှုလုပ်ငန်းတွေလည်း ထိခိုက်လာနေကြောင်း နယ်စပ် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူတဦးက ပြောပါတယ်။

အလားတူ ကရင်ပြည်နယ်  ဘားအံမြို့မှာလည်း မနေ့ညနေကစပြီး သံလွင်မြစ်ရေ တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁ နဲ့ ၂ ရပ်ကွက်တွေက ဒေသခံ တချို့ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ပြောင်းရွှေ့နေကြရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

လှိုင်းဘွဲ့မြို့မှာလည်း တောင်ကျရေကြောင့် ချောင်းရေလျှံတက်တဲ့အတွက် မြို့နယ်ဆေးရုံက  လူနာတွေကို အောင်မြေသာယာ ဘုန်းကြီးကျောင်းကို ပြောင်းရွှေ့ထားရပါတယ်။

ံမြ၀တီတဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာတော့  ရေကြီးရေလျှံ မှုတွေ ဖြစ်နေ တာကြောင့် မြန်မာနိုင်ငံ သားတွေကို ကျန်းမာရေးစောင့်ရှောက် မှုပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခ န်းလည်း ရေတက်လာလို့ လူနာတွေပြောင်းရွှေ့ပေးနေရတယ်လို့ ဆရာမဒေါ်ဂေ ဖော့က  ပြောပါတယ်။

“ဒီတရက် နှစ်ရက်အတွင်းမှာ ပိုပိုတော့ တက်လာတယ်။ ရေက အရင်တုန်းကတော့ ကြီးဖူးတယ် ဆိုပေမယ့် ဒီလိုမျိုး ဆေးခန်းအရှေ့အဆောင်အထိ ၀င်တာ မရောက်ဘူး။ ဒီနှစ်ကမှ တဖြည်းဖြည်းနဲ့ တက်လာတာရှိတယ်။ မိုးဒီလိုပုံစံနဲ့ ဆိုရင်တော့ တက်မယ်ထင်တာပဲ၊ အတွင်းဆောင်ထဲမှာ ရှိတဲ့ လူနာတွေကတော့ ကုတင်ပေါ်မှာ ရှိတာပေါ့နော်။”

ဒါ့ပြင် မဲဆောက်မြို့မှာ စာသင်ကျောင်းတွေအားလုံး ပိတ်ထားရသလို ကမ်းနားဘက်မှာ တည်ရှိတဲ့ ဈေးတွေ၊ စက်ရုံတွေကိုလည်း ပိတ်ထားရပါတယ်။ အခုရေကြီးမှုဟာ  ၁၀ နှစ်လောက်အတွင်း ရေကြီးမှု အဆိုးရွားဆုံး အခြေအနေဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ  ရေးသားဖော်ပြကြပါတယ်

From:DVB

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...