Pages

Wednesday, July 17, 2013

သမ္မတကြီး၏ ခရီးစဉ်မှ ရရှိသော နိုင်ငံအတွက် ကောင်းကျိုး (သို့ ) မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ယူရိုသန်း ၃၀ ဗြိတိန်ထောက်ပံ့

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များအတွက် ယူရိုသန်း ၃၀ ထောက်ပံ့ မည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက် ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဗြိတိန်အစိုးရက ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

ဗြိတိန်အစိုးရ၏ ယင်းထောက်ပံ့မှု များသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်း များအပြင် ပဋိပက္ခဒဏ်သင့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် ဖန်တီးပေးရေး တို့အတွက်လည်း ပါဝင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောကြားခဲ့သည်ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်နှင့် ကေအိုင်အေအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပဋိပက္ခဒဏ် ခံခဲ့ရသော ကချင်ပြည်နယ် အတွင်းရှိ ဒေသခံပြည်သူများ အတွက် အစားအစာ၊ ရေ၊ ရွက်ဖျင်တဲများနှင့် လုံလောက်သော အညစ်အကြေး စွန့်ထုတ်သည့် စနစ်များ ဖန်တီးပေးရန်အတွက် ယူရို ၁၃ ဒသမ ၅ သန်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး ပြုလုပ်မည့် လူဦးရေစာရင်း ကောက်ယူရေး အတွက် ယူရို ၁၀ သန်းနှင့် ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ယူရို ၅ ဒသမ ၆၅ သန်း စုစုပေါင်း ဗြိတိန်အစိုးရက ယူရိုသန်း ၃၀ ထောက်ပံ့သွားမည် ဖြစ်ကြောင်း နိုင် ငံခြားရေးဝန်ကြီးက ဆိုသည်။

ဆက်လက်၍ ဗြိတိန်ကာကွယ်ရေး ဝန်ကြီး Philip Hammond ကလည်း မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲခြင်း နှင့် ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး သည် မြန်မာ့နိုင်ငံ ကြွယ်ဝချမ်းသာလာရေးနှင့် တည်ငြိမ်မှု ရရှိလာစေရေး အတွက် အဓိက သော့ချက် ဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေးတွင် အပြည့်အဝ တာဝန်ယူနိုင်သော တပ်မတော် ဖြစ် လာစေ ရန်အတွက် ဗြိတိန်တပ်မတော်က မြန်မာ့ တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ စစ်ရေးလေ့ကျင့်ပေးမှုများ ပြုလုပ်ပေးသွား မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံသို့ ပထမဦးဆုံး ရောက်ရှိခဲ့သော မြန်မာ သမ္မတ တစ်ဦး ဖြစ်ပြီး ၄င်း၏ ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ဆက်သွယ်ရေး ဝန်ကြီး ဦးမြတ်ဟိန်းတို့ ပါဝင်သည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ဝင် များသည် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ဦးဆောင်သော အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြပြီး ဗြိတိန် အစိုးရက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများသည် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်ကြောင်း၊ ဗြိတိန်အစိုးရက မြန်မာနိုင်ငံအစိုးရ အကောင်အထည် ဖော်နေသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း များတွင် ပွင့်လင်းမြင်သာမှု ရှိစေရန်၊ တန်းတူညီမျှ ဖြစ်စေရန်၊ အကျင့်ပျက် ခြစားမှုများ မရှိစေရန်အတွက် ယူရို လေးသိန်းငါးသောင်း ထောက်ပံ့မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်နှင့် သြစတြေးလျ အစိုးရတို့က မြန်မာနိုင်ငံရှိ ကလေးနှစ်သိန်းကျော် မူလတန်းပညာ တတ်မြောက်ရေးအတွက် ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၁ သန်း ထောက်ပံ့မည် ဖြစ်ကြောင်း ယခုနှစ် မတ်လအတွင်းက ထုတ်ပြန် ကြေညာခဲ့သည်။

ထို့အပြင် ဗြိတိန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ သည် မြန်မာနိုင်ငံ အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ၂၀၁၅ ဘဏ္ဍာနှစ်အထိ စတာလင်ပေါင် ၁၈၇ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း ယင်းအေဂျင်စီ အကြီးအကဲ မြန် မာနိုင်ငံသို့ ရောက်ရှိစဉ်က ထုတ်ပြန်ကြေညာ ခဲ့သည်။

From: The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...