
၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၅ ရက်အထိ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော် ရရှိထားသော်လည်း မတ်ပဲ၊ပဲစဉ်းငုံတင်ပို့မှု လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ၊ စွန်တာပြာ၊ ကုလားပဲ၊ ဗိုလ်ကိတ်ပဲနှင့် ပဲပုပ်စေ့ အစရှိသည့် ပဲမျိုးစုံကို ပြည်ပသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယခုဘဏ္ဍာရေးနှစ် သုံးလကျော် ကာလအတွင်း ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၉၇၈ သန်း ရရှိခဲ့သော်လည်း ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံ တင်ပို့မှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၇၄ သန်းကျော် လျော့နည်းနေကြောင်း သိရသည်။
မတ်ပဲတင်ပို့အနေဖြင့် တန်ချိန်တစ်သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၉ သန်းကျော် ရရှိခဲ့ကာ ပဲစင်းငုံတန်ချိန် ၅၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၉ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။
မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့မှုမှာလည်း ယခင်နှစ် အလားတူကာလ တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန်နှင့် ရရှိငွေ ပါ လျော့နည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲမျိုးစုံ တင်ပို့မှုကို ကြည့်ပါက ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် အဓိက တင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုများ ကျဆင်းလျက်ရှိသဖြင့် လတ်တလော ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ ကို ပူးပေါင်းဖြေရှင်းပြီး ကာလတို၊ ကာလရှည် အစီအမံများ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ပဲတင်ပို့မှု အတက်အကျ ဖြစ်ရခြင်းတွင် ၀ယ်လက်နိုင်ငံဈေးကွက်၏ ထုတ်လုပ်မှု၊ စားသုံးမှု၊ ငွေလဲနှုန်း စီးပွားရေး အခြေအနေများအရ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
ယခင်ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၂-၁၃ ဘဏ္ဍရေးနှစ်တွင် ပဲမျိုးစုံတင်ပို့မှုတန်ချိန် ၁၄ သိန်းကျော် ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၉၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
eleven media group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...