ကမ္ဘာကျော် ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်သော ဗုဒ္ဓဂယာတွင် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ပြီး နောက် အိန္ဒိယ အစိုးရ အာဏာပိုင်များက ဗုဒ္ဓဘာသာ ဘုရားများ၊ စေတီများနှင့် ဘုန်းကြီးကျောင်း များတွင် လုံခြုံရေး အထူး တင်းကျပ်ရန် အမိန့်ထုတ်လိုက်ကြောင်း The Straits Times သတင်းစာက ရေးသား ဖော်ပြသည်။
ထိုသို့ လုံခြုံရေး တင်းကျပ်ရန် အမိန့်ထုတ်ထားသော နေရာများတွင် တိဘက် လူမျိုးများ ဘာသာရေး အဆောက်အအုံများလည်း ပါဝင်သည်ဟု သတင်းက ဆိုသည်။
“ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ အားလုံးမှာ လုံခြုံရေး အတွက် ကြိုတင် သတိပေး လုပ်ဆောင်ချက်တွေကို အိန္ဒိယ အာဏာပိုင်တွေက လုပ်ဆောင်လျက် ရှိပါတယ်” ဟု အိန္ဒိယအခြေစိုက် တိဘက် ပြည်ပြေး အစိုးရအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။
တိဘက် ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်းလားမားနှင့် တိဘက် ပြည်ပြေး အစိုးရတို့ အခြေချရာ ဒါရမ်ဆာလာမြို့တွင်လည်း လုံခြုံရေးများ အထူးတင်းကျပ်ထားသည်။
ဘီဟာပြည်နယ် ဂယာမြို့ ဂေါတမ ဗုဒ္ဓဘုရား ပွင့်တော်မူရာ ဗောဓိညောင်ပင် ရှိသည့် မဟာဗောဓိ စေတီ ပရဝုဏ်နှင့် ဝန်းကျင်တွင် တနင်္ဂနွေနေ့ နံနက် အစောပိုင်းက ဗုံး ကိုးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ငါးဦး ဒဏ်ရာ ရရှိသွားသည်။
အဆိုပါ ဖောက်ခွဲမှုနှင့် ဆက်စပ်ပတ်သက်နေသည်ဟု သံသယရှိသူတစ်ဦးကို ဂယာ ခရိုင်တွင် အိန္ဒိယ ရဲတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၈ ရက်နေ့တွင် ဖမ်းမိလိုက်ပြီး ယခုအခါ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက် ရှိသည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိ နာယာဟတ်စ်နန်ခန် ၏ ပြောကြားချက်ကို Press Trust of India သတင်းဌာနက ကိုးကား ဖော်ပြ သည်။
အိန္ဒိယသည် အကြမ်းဖက် တိုက်ခိုက်မှုများဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ ရသော်လည်းဗုဒ္ဓဘာသာဝင် များနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်သည်မှာ ဖြစ်တောင့် ဖြစ်ခဲပင် ဖြစ်သည်။
အိန္ဒိယတွင် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆူပူ အုံကြွမှုများကို ဖန်တီးနေသူများမှာ မော်ဝါဒီ သောင်းကျန်း သူများ ဖြစ်ကြသည်ဟု အာဏာပိုင်တို့က ဆိုသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...