Pages

Monday, July 22, 2013

ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့များဖွဲ့စည်းရန် အစိုးရပါဝင်ကူညီမည်

ရန်ကုန်-ပဋိပက္ခများ ကြိုတင်ကာကွယ်ရေးအတွက် ဘာသာရေးပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့များ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများတင်မဟုတ်ဘဲ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် အတူ အစိုးရက ပါဝင်ကူညီဖွဲ့စည်းသွားမည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြား သည်။

ဇူလိုင် ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် နိုင်ငံတော်သမ္မတနှင့် ဘာသာပေါင်းစုံတာဝန်ရှိသူများ တွေ့ဆုံမှုအပြီး ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဦးရဲထွဋ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဖွဲ့များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်သာမဟုတ်ဘဲ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အဆင့်ထိပါ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်သောဒေသများ၌ အဓိကဦးစားပေးအဖြစ် ဖွဲ့စည်းသွားမည်ဟု သတင်းရရှိသည်။

ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သည် အဓိကဦးစားပေးအနေဖြင့် ပါဝင်ပြီး အစိုးရက အခြေအနေကောင်းများ ဖန်တီးပေး၍ ဘာသာပေါင်းစုံအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကော်မရှင်နှင့် ဒေသခံလူထုအဖွဲ့အစည်းများက လက်တွေ့ဆောင်ရွက်ရမည်ဟုလည်း သိရသည်။ အဖွဲ့အစည်းများအနေဖြင့် ပဋိပက္ခများမဖြစ်စေရန်အတွက် ကောလာဟလများကို တားဆီးခြင်း၊ ကောလာဟလလွှင့်သူများကို အရေးယူခြင်းတို့ကို ပြုလုပ်သွားမည်ဟု ဦးရဲထွဋ်ကဆိုသည်။

နိုင်ငံတော်သမ္မတ ချစ်ကြည်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းရာတွင် လူ့အခွင့်အရေးကော်မရှင်နှင့်အတူ အစိုးရကပါ ၀င်ရောက်ကူညီမည်ဟု ပြောကြားခြင်းဖြစ်သည့်အတွက် အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းလုပ်ဆောင်မှုတို့တွင် ပိုမို မြန်ဆန်ထိရောက်လာနိုင်သည်ဟု ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ဗုဒ္ဓဘာသာအဖွဲ့ခေါင်းဆောင် အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင်က ပြောကြားသည်။

သမ္မတနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့များ၏ ဇူလိုင် ၂၁ ရက် တွေ့ဆုံမှုသည် တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး သမ္မတ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံ ခရီးစဉ်များမသွားမီ ဇူလိုင် ၁၃ ရက်ကလည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။

ပဋိပက္ခ ပြဿနာများကို ဖြေရှင်းရန် အဓိကတာဝန်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တာဝန်ဝတ္တရားများကို တိတိကျကျလုပ်ဆောင်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်အင်အားတိုးချဲ့ခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို ပဋိပက္ခများ နှိမ်နင်းရန် သင်တန်းပေးခြင်းများကို စဉ်ဆက်မပြတ်ပြုလုပ်နေသည်ဟုလည်း ဆိုသည်။

From:7day

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...