Pages

Wednesday, July 10, 2013

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ပြန်လည်ကောက်ယူကာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း ဆောင်ရွက်မည်

ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီများအား အိမ်ထောင်စုစာရင်း ကောက်ယူမှု ပြန်လည်ပြု လုပ်ကာ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့် ဆက်လက်ဆောင်ရွက်မည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ဇူလိုင် ၉ ရက်က ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့မှ နိုင်ငံခြားသံတမန်များအား ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းပြသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်ကျော်ဝင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။


ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ရှိ၊ မရှိ ဘယ်သူက နိုင်ငံသားဖြစ်ခွင့်ရှိတယ် ဘယ်သူက နိုင်ငံသားဖြစ်ခွင့် မရှိဘူးဆိုသည့် ကိစ္စများကို စစ်ဆေးနေမှုများ မည်သည့်အချိန်တွင် ပြန်
လည်စတင်ဖို့ ရှိပါသလဲဟူသည့် မေးခွန်းနှင့်ပတ်သက်ပြီး ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက "၂၀၁၂ ဇွန်လမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒီတုန်းက သူတို့ဘက်ကို စာရင်းကောက်ယူရာမှာ အစစအရာရာ အဆင်ပြေပါတယ်။ ပြဿနာ မရှိခဲ့ပါဘူး။ အောက်တိုဘာမှာ ဒုတိယအကြိမ် အရေးအခင်း ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ သူတို့ကို ပြန်လည်စာရင်း ကောက်ယူဖို့လုပ်တယ်။ စာရင်းကောက်ယူတဲ့ အကြောင်းရင်းက လူဦးရေ အရေအတွက် ဘယ်လောက်ရှိတယ် သူတို့ကို စာဝတ်နေ ရေး ကိစ္စတွေ လူမှုရေးကိစ္စတွေ ပြန်လည်ထောက်ပံ့နိုင်ဖို့အတွက် စာရင်းဇယား အတိအကျ ရအောင်ပါ" ဟု ပြောကြားသည်။

ဒုတိယအကြိမ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်အပြီး ဘင်္ဂါလီလူဦးရေစာရင်း ပြန်လည်ကောက်ယူရာတွင် ပေါက်တောမြို့နယ် အတွင်းရှိ ဒုက္ခသည် စခန်းအချို့မှ ဘင်္ဂါလီ လူမျိုးများသည် ဘင်္ဂါလီဟူသည့် လူမျိုးစု အမည်မှ အခြားလူမျိုးစု အမည်သို့ ပြောင်းပေးမှ စာရင်းကောက်ယူမှုအား လက်ခံမည်ဆိုသည့် ပြဿနာ ပေါ်ပေါက်ခဲ့သည့်အတွက် စာရင်းကောက်ယူရာတွင် အဆင်မပြေ ဖြစ်ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် တစ်ခုလုံး၌ ရံဖန်ရံခါအားဖြင့် နှစ်နှစ်တစ်ခါ လုပ်ဆောင်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်းကောက်ယူနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် ဧပြီ ၂၆ ရက်တွင် လုပ်ဆောင်ရန် ရက်သတ်မှတ်ခဲ့ကြောင်း သိရသည်။

"ဧပြီ ၂၆ ရက်က လူဦးရေစာရင်း စတင်ကောက်ခံတဲ့ အခါမှာ စစ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းက လူတွေက လူမျိုးပြောင်းမှ အကောက်ခံမယ်ဆိုတဲ့ ကိစ္စကို အကြောင်းပြပြီးတော့ ဆူပူခြင်းအကြမ်းဖက်ခြင်း ဆောင်ရွက် ခဲ့ပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက် ကြီးကျယ်တဲ့ ပြဿနာမဖြစ်အောင် လူဦးရေစာရင်း ကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်း ခဲ့ရပါတယ်။ အခုဆက်လက်ပြီးတော့ third party ဖြစ်တဲ့ UN အေဂျင်စီတွေ၊ သံရုံးကကိုယ် စားလှယ်တွေ INGO တွေ၊ ပြည်တွင်းမှာရှိတဲ့ NGO အဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နှစ်ဖက်လူ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ပြန်လည်ပြီးတော့ စည်းရုံးဆောင်ရွက်ပြီး ပြန်လည်ကောက်ခံဖို့ ဆောင်
ရွက်နေတာ ရှိပါတယ်။ ဒါပထမအဆင့်ပါ။ ဒီအဆင့် ပြီးမှသာလျှင် ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမှာပါ" ဟု ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။ 

eleven media group  

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...