Pages

Sunday, July 14, 2013

အမေရိကန်မှ ရန်ကုန်-မန္တလေး အမြန်လမ်းအား ရှစ်လမ်းသွားအဖြစ် တည်ဆောက်နိုင်ရေး ဖြစ်နိုင်ခြေ လေ့လာမှုများ ပြုလုပ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့နိုင်ရေးအတွက်အမေရိကန် နိုင်ငံမှ ဖြစ်နိုင်ခြေ လေ့လာမှုများပြုလုပ်သွားပြီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

"ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ လက်ရှိမှာလေးလမ်းသွား လမ်းမကြီးပဲရှိပါသေးတယ်။ ရှစ်လမ်းသွား အဖြစ် တိုးချဲ့နိုင်ဖို့အတွက် ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တို့ကို အကူအညီ တောင်းထားပါတယ်။ ကိုရီးယား ကတော့ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားကို ကူညီဖို့
ပိုအားသန်ပုံရတယ်။JICA ကတော့ မြန်မာနိုင်ငံ မှာ ကူညီတာတွေ အများကြီးဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းလို စီမံကိန်းကြီးအတွက် အကူအညီပေး ဖို့ဆိုရင် သူတို့အစိုးရကို ပြန်တင်ပြရတာ ရှိတယ်။ အခုလည်း သူတို့အစိုးရကို ပြန်တင်ပြနေတယ်လို့ သိရ ပါတယ်။ အမေရိကန် အနေနဲ့ကတော့ ရှစ်လမ်းသွား တိုးချဲ့နိုင်ဖို့အတွက် စီမံကိန်း ဖြစ်နိုင်ခြေတွေကိုလေ့လာ မှုတွေ ပြုလုပ်ပြီးသွားပြီ။ ဒါပေမဲ့ ခုချိန်ထိ ဘာမှတော့ အကြောင်းမပြန်သေးပါဘူး" ဟု အထူးစီမံကိန်း
အဖွဲ့-၁မှ အင်ဂျင်နီယာချုပ် ဦးကြည်ဇော်မြင့်က ပြောကြားခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ခြောက်နှစ်နှင့်နှစ်လကြာ တည်ဆောက်ပြီးနောက်လက်ရှိလမ်းအရှည် မှာ ၄၄၃ မိုင် ရှည်လျားပြီး ယာဉ်မောင်းကြာချိန် အနေဖြင့် ၁၄ နာရီရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီး ဌာနမှ သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်ရပ်နားစခန်းများ (Rest Camps) လုံလောက်မှုမရှိသေးသဖြင့် တိုးချဲ့တည်ဆောက်လျက်ရှိကြောင်းနှင့် အလားတူရဲစခန်းများကိုလည်းထပ်မံတည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်း က ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်ရပ်နား စခန်းများကို မိုင် ၅၀ နှင့် ၇၀ အကြားတွင် တစ်ခုစီ တည်ဆောက်သွားရန် စီစဉ်ထား ကြောင်း၊ အမှတ် (၃) လမ်းဆုံမှ မိုင် ၄၀ အကွာရှိ ဘုရားကြီး၊ ဘောနက်ကြီးတွင်တစ်ခု၊ ၁၁၅ မိုင်(ဖြူး)၊ နေပြည်တော်အ၀င် ၂၀၂ မိုင်၊ ၂၈၆ မိုင်ရှိ သီးကုန်း(မိတ္ထီလာ)၊၃၅၂ မိုင်ရှိ စကားအင်း(တံတားဦး)လမ်းဆုံတွင် တစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့်နေပြည်တော်အ၀င် ၂၀၂ မိုင်တွင်မူ လက်ရှိတည်ဆောက် နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...