Pages

Sunday, July 7, 2013

မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ခုအတွင်း အုပ်စုဖွဲ့ ဓားကိုင်၍ ၀င်ရောက်ကာ စားသုံးသူများအား ခြိမ်းခြောက်ငွေတောင်းယူမှု ဖြစ်ပွား Email ThisBlogThis!Share to TwitterShare to Facebook


privacy2-july7

အခင်းဖြစ်ပွားရာ စားသောက်ဆိုင်အား တွေ့ရစဉ်။ (ဓာတ်ပုံ-အောင်မျိုးသန့်)
အုပ်စုဖွဲ့ ဓားကိုင်၍ မင်္ဂလာဒုံမြို့နယ်ရှိ PRIVACY II စားသောက်ဆိုင် တစ်ခုအတွင်း ၀င်ရောက်ကာ ဆိုင်အတွင်း စားသုံးသူများကို ခြိမ်းခြောက်ငွေတောင်းယူမှု ဇူလိုင် ၄ ရက်ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်တွင် နေထိုင်သော ကျော်လင်းသည် အရှည် ၁၈ လက်မခန့်ရှိဓားကို ကိုင်ဆောင်ကာ အခြားလူငယ် ခုနစ်ဦးတို့သည် ည ၁၀ နာရီကျော်တွင် ဆိုင်အတွင်းသို့ ၀င်ရောက်လာပြီး

စားပွဲဝိုင်းတစ်ခု၌ အရက်နှင့် ရေသန့်မှာယူကာ စားသောက်နေကြောင်း၊ ယင်းနောက် ကျော်လင်းနှင့် အတူပါလာသူ ခုနစ်ဦးတို့သည် အခြားစားသောက်ဝိုင်းရှိ စားသုံးသူများထံသို့ ကူးသွားပြီး အရက်ဖိုး တောင်းခံခဲ့ပြီး "မပေးလျှင် ဓားကိုကြည့်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ထိုအခါ ဆိုင်အတွင်း စားသုံးသူ အချို့မှာ ကြောက်လန့်ပြီး ငွေကြေးပေးခြင်း၊ အချို့မှာ ယင်းစားသောက်ဆိုင်မှ ပြန်လည်ထွက်ခွာခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က ဆိုင်သိမ်းပြီး အိမ်မှာအိပ်နေတာပါ။ ဆူညံသံတွေကြားလို့ အပြင်ကို ထွက်ကြည်တော့ ဓားတွေကိုင်နေတဲ့ လူအုပ်စုကို စားသောက်ဆိုင်ထဲမှာ တွေ့ရတယ်။ ကျွန်တော့်အထင် လူကခုနစ်ဦး မကဘူး။ ၁၃ ဦးလောက် ရှိမယ်လို့ ထင်တယ်။ သူတို့တွေက တစ်ဝိုင်းပြီးတစ်ဝိုင်း ခုံပေါ်ကို ဓားထောက်ပြိး ပိုက်ဆံတောင်းတယ်။ ထိုင်နေတဲ့ လူတွေကလည်း ဓားတွေနဲ့ဆိုတော့ ကြောက်ပြီး ပါတဲ့ပိုက်ဆံတွေ အကုန်ထုတ်ပေးကြတယ်။ ကျော်လင်းကိုင်တဲ့ဓားက တော်တော်ရှည်တယ်" ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ ကျော်ခန့် အမျိုးသား တစ်ဦးက ဆိုသည်။
မင်္ဂလာမြို့မ ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒုရဲအုပ်ညွန့်ဝင်းက "ဒီဖြစ်စဉ်မှာ ကျော်လင်းပါ ခုနစ်ဦးတို့က တခြားဝိုင်းတွေဆီမှာ ငွေတောင်းနေတယ်။ အဲဒီအချိန်မှာ ဆိုင်မန်နေဂျာက ရဲစခန်းကို ဖုန်းနဲ့အကြောင်းကြားတယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဆိုင်ကိုချက်ချင်း ရောက်လာပြီး ခုနစ်ဦး ဖမ်းဆီးရမိခဲ့တယ်။ ကျော်လင်းဆိုသူက ထွက်ပြေးသွားတယ်။ နောက်ပြီး ဓားတစ်လက်ကိုလည်း ဆိုင်ထဲမှာတွေ့ရှိလို့ သိမ်းဆည်းခဲ့တယ်။ လွတ်မြောက်နေတဲ့ ကျော်လင်းကိုတော့ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး အမြန်ဆုံး ဖမ်းဆီးရမိအောင် ဆောင်ရွက်နေပါတယ်" ဟု ပြောပါသည်။ အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မ ရဲစခန်းမှ (ပ) ၄၀၃/၂၀၁၃၊ ပြစ်မှုပုဒ်မ- ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။  

Eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...