Pages

Saturday, July 6, 2013

ဓာတ်ခွဲစမ်းသပ်မှုအရ မြန်မာနိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါ H7N9 မရှိ

တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ် H7N9 အား မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့မှု ရှိမရှိ စစ်ဆေးရာ သုတေသန ဓာတ်ခွဲစမ်းသပ်မှုများအရ ယင်းမျိုးစိတ်သစ်ကို မတွေ့ရှိ ရကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သတင်းရရှိသည်။


၂၀၁၃ မတ်လနှောင်းပိုင်းမှ စတင်ကာ တရုတ်နိုင်ငံတွင် H7N9 ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ် ဖြစ်ပွားခဲ့ပြီး ပြည်တွင်းတွင်လည်း ကူးစက်ပျံ့နှံ့မှု ရှိမရှိသိရှိနိုင်ရန် မေလအတွင်းက တရုတ်-မြန်မာ နယ်စပ် ဒေသများရှိ ကြက်နှင့်အခြား ကြက်ထွက် ပစ္စည်းများအား သုတေသနပြု စစ်ဆေးခဲ့သည်။

သုတေသန ပြုလုပ်ရာတွင် မြန်မာ-တရုတ်နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊လောက်ကိုင်၊ သိမ်န္နီ၊ နမ့်ခမ်း၊ ကုန်းကြမ်း၊ မိုင်းလားနှင့် ချင်းရွှေဟော်ရှိ ကြက်နှင့် အခြားကြက်ထွက် ပစ္စည်း ၅၀၀ ကျော်ကို နမူနာယူကာ ရန်ကုန်တိုင်း ဒေသကြီးရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ကြက်ငှက်တုပ်ကွေး ရောဂါမျိုးကွဲတွေက အများကြီး ရှိပါတယ်။ အဲ့ဒီမျိုးစိတ်တွေထဲကမှ တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ် H7N9 ပိုး ပြည်တွင်းမှာ ကူးစက်ပျံ့နှံ့မှု ရှိမရှိကိုဘဲ စမ်းသပ် ခဲ့တာပါ၊ သုတေသန ပြုလုပ်ချက်တွေအရ ဒီရောဂါမျိုးစိတ်သစ်ကို မတွေ့ရပါဘူး''ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာကျော်နိုင်ဦးက
 ပြောကြားခဲ့သည်။

အဆိုပါ သုတေသန ပြုလုပ်မှုများအား မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင် များက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပုံမှန်မဟုတ်သည့် ကြက်သေဆုံးမှုများ တစ်နှစ်ပတ်လုံး ရှိနေကြောင်းနှင့်ဓာတ်ခွဲစမ်းသပ် မှုများအရ ကြက်ငှက်တုပ်ကွေး ရောဂါမျိုးစိတ်သစ် H7N9 ကို မတွေ့ရှိကြောင်း သိရသည်။ လက်ရှိထိုင်ဝမ် နိုင်ငံတွင်လည်း ကမ္ဘာ့ပထမဆုံး ကြက်ငှက်တုပ်ကွေး ရောဂါမျိုးစိတ်သစ် H7N9 ဖြစ်ပွားနေပြီး သေဆုံးသူ တစ်ဦးရှိကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...