Pages

Tuesday, July 9, 2013

KIA အဖွဲ့၏ ဖမ်းဆီးခြင်းခံရသော ဒေသခံကျောင်းသား/သူ လူငယ် (၁၃) ဦး ငါးလအကြာမှ ပြန်လည် လွတ်မြောက်

ဇူလိုင်လ ၈ ရက် ၂၀၁၃
ကချင်ပြည်နယ်မိုင်ဂျာယန်အထက်တန်းကျောင်းတွင်ပညာသင်ကြားနေသော ဒေသခံကျောင်းသားကျောင်း သူ (၁၃) ဦးအား လွန်ခဲ့သော ငါးလခန့်က KIA အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဇူလိုင် ၆ ရက် နေ့လည် ၁၂ နာရီတွင် မိုင်ဂျာယန်ရှိ မိဘဆွေမျိုးများထံသို့ ပြန်လည်လွတ်မြောက်ရောက်ရှိ လာ ခဲ့ကြောင်း သိရှိရသည်။

“ ၂ လပိုင်းမှာ အဋ္ဌမတန်း ကျောင်းသူ ၃ ဦးနဲ့ န၀မတန်းကျောင်းသား ၄ ဦး စုစုပေါင်း (၇) ဦးကို ပထမ အကြိမ် ခေါ်သွား တယ် ၊ ၄ လပိုင်းမှာ န၀မတန်းကျောင်းသား ၄ ဦးနဲ့ အဋ္ဌမတန်းကျောင်းသူ ၂ ဦး စုစုပေါင်း (၆) ဦးကို ဒုတိယအကြိမ် ခေါ်သွားတယ်၊ စုစုပေါင်း (၁၃) ယောက်ရှိတာပေါ့၊ ကျောင်းဖွင့် ရာသီရောက်ပြီဆိုတော့ မိဘဆွေမျိုးတွေက KIO ပညာရေးဋ္ဌာနတာဝန်ခံ ဦးဆွန်လွတ်ဂမ်ဆီကို စာရေးတဲ့သူကရေး၊ ဖုန်းနဲ့လည်း ဆက်သွယ်ပြီး ကလေးတွေ ပညာဆက် သင်နိုင်ဖို့ ပြန်လည်ပေးဖို့ KIO ကိုတင်ပြပေးပါလို့ အကြိမ်ကြိမ် တောင်းပန်ခဲ့ကြတယ်၊ ဒါကြောင့် ကလေးတွေ ပြန်လွတ် လာတာပါ၊ အခြေ အနေကြည့်ပြီး ကလေးတွေကို မိုင်ဂျာယန်ကျောင်းမှာ ပညာသင်ခိုင်းဖို့ စဉ်းစားနေပါတယ်၊ မြစ်ကြီးနားနဲ့ ဗန်းမော်မှာ သွားထားဖို့ အချို့ကလည်း စီစဉ်နေကြတယ်၊ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂတ်ဟာ KIO ရဲ့ လက်ထဲမှာဆိုရင်တော့ ဒီမှာ ကျောင်းမထားတော့ပါဘူး၊ အခြားမြို့တွေကို ပြောင်းပြီးနေသင့်ရင် နေ ရတော့မှာပါ ” ဟု မိုင်ဂျာယန်မြို့ခံ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

အဆိုပါ ပြန်လည်လွတ်မြောက်လာသော ကျောင်းသား/သူ (၁၃) ဦးသည် မိုင်ဂျာယန်အထက်တန်းကျောင်း ၌ ဇူလိုင် ၇ ရက်နေ့မှစ၍ ကျောင်းပြန်တက်နေကြပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရှိရပါသည်။

ခွန်နော်
Posted in: ကချင်နေ့စဉ်သတင်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...