အစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်မည်
ဖြစ်ကြောင်း (ABSDF) မှ ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက သြဂုတ် ၁၁ ရက်တွင် ပြုလုပ်သော
သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
သို့ရာတွင် ကျင်းပမည့်နေရာ၊ နေ့ရက် အတိအကျနှင့် မည်သို့ ပြုလုပ်မည်ကိုမူ
နှစ်ဖက်ညှိနှိုင်း ရဦးမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
''ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် ဆွေးနွေးရုံနဲ့ မလုံလောက်ပါဘူး။
လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ လိုအပ်တယ်။ ဒုတိယအကြိမ်
ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ တခြားအဖွဲ့အစည်းတွေပါ ပါဝင်နိုင်ဖို့
ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးမျိုးဝင်းက ပြောကြားသည်။
ABSDF မှ ဥက္ကဋ္ဌ ရဲဘော်သံခဲက ''ငြိမ်းချမ်းရေး ရယူတာဟာ လက်နက်ချတာ
မဟုတ်ပါဘူး'' ဟု သတင်းထောက်များကို ပြောကြားသည်။
အစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး
ဆွေးနွေးမှုကို ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ သြဂုတ် ၅ ရက်တွင်
ပြုလုပ်ခဲ့ပြီး ငါးရက်အကြာတွင် ပြည်ထောင်စုအဆင့် သဘောတူညီချက်
လက်မှတ်ရေးထိုးမှုကို သြဂုတ် ၁၀ ရက်က Myanmar Peace Center ၌ပင်
ပြုလုပ်ခဲ့သည်။
အစိုးရနှင့် ABSDF တို့၏ သဘောတူညီချက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာ
ဆောင်သော အပစ်အခတ် ရပ်စဲရေးကို နှစ်ဖက်စလုံးက တာဝန်ယူမှု၊
တာဝန်ခံမှုရှိရှိဖြင့် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ နိုင်ငံရေး
အင်အားစုများ၊ ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအား တိုင်းပြည်၏
နိုင်ငံရေးဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်ရေးအတွက် တရားဝင်
ဖိတ်ခေါ်သွားရန်တို့ ပါဝင်သည်။
From :
..eleven
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...