တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ဖြတ် သန်းစီးဆင်း
လျက်ရှိသော တနင်္သာရီ မြစ်ရေမှာ စိုးရိမ်ရေမှတ် ထက်
ကျော်လွန်သွားပြီဖြစ်ပြီး တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေး ရွာများသို့
ရေလွှမ်းလျက်ရှိကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် လျက် ရှိကြောင်း
သိရသည်။တနင်္သာရီမြစ်ရေမှာပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစတင်ကာ တဖြည်းဖြည်း
မြစ်ရေတက်လာနေပြီး တနင်္သာရီမြို့ မြေနိမ့်ပိုင်းနှင့် ပတ်ဝန်းကျင်
ကျေးရွာများသို့ ရေစတင် လွှမ်းလာကြောင်း၊ တနင်္သာရီ မြစ်ရေ၏ စိုးရိမ်ရေ
အမှတ်မှာ ၂၄ ပေဖြစ်ပြီး သြဂုတ် ၁ ရက်တွင် ၂၃ ပေရှိရာမှာ သြဂုတ်၂ ရက်တွင် ၂၅
ပေအထိ ရောက်ရှိလာကြောင်း သိရသည်။
''ဇူလိုင်လ အကုန်ပိုင်းလောက်မှာ မြစ်ရေစတိုး လာပါတယ် အခုဆိုရင်
ငါးရက်မြောက် ရှိပါပြီ။ တနင်္သာရီ မြစ်က ထားဝယ်ဘက်က မြစ်ဖျား ခံလာတယ်ဆိုတော့
ထားဝယ်ဘက်မှာ မိုးရွာသွန်းမှုတွေများပြီး ရေကြီး ရေလျှံတာတွေဖြစ်ရင်
တနင်္သာရီဘက်မှာ ရေကြီးလေ့ ရှိပါတယ်။ မြစ်ရေတက်လာရင် ရက်အတန်ကြာလေ့ ရှိပါတယ်။
အခုဆိုရင် ချောင်းကြီး၊ ချောင်းငယ်ရပ်တွေ အပါအ၀င် ပတ်ဝန်းကျင် ကျေး
ရွာတွေလည်း ရေလွှမ်းတာ ခံနေ ရပါပြီ။ နောက်သုံးရက် လောက်အထိ ရေမ ကျသေးရင်
ပင်လယ်ဒီရေ တိုးပတ်နှင့်ကြုံသွားပြီး ဒီထက်ရေကြီး သွား နိုင်ပါတယ်'' ဟု
တနင်္သာရီမြို့ခံ တစ်ဦးက ပြောကြားသည်။
တနင်္သာရီမြစ်ရေ တိုးလာမှုကြောင့် တနင်္သာရီမြို့နယ် အတွင်းရှိ ချောင်းကြီး ရပ်၊
ချောင်း ငယ်ရပ် အပါအ၀င် အရှေ့မော်တုန်း ကျေးရွာအုပ်စု၊ ဆင်ခြေဖုန်း
ကျေးရွာအုပ်စု၊ ပျို့အိုင်၊ လယ်တောင်ယာရွာ၊ ဗောဓိ ကမ်း၊ မြန်မာ့အင်းတော်၊
ကျောက်မီးကျောင်း၊ နတ်စင်ကုန်း စသည်ကျေး ရွာများမှာ ရေလွှမ်းမှု
ခံနေပြီဖြစ်ပြီး မြစ်ရေနောက်ထပ် တိုးလာပါက ကျေးရွာ အများအပြား
ရေလွှမ်းမိုးခံရနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။
''တနင်္သာရီမြို့မှာဆိုရင် ရွှေလိပ်ပြာလမ်း၊ စက်မှုဇုန်၊ မွန်စုအရပ်တွေမှာ
အဆိုးဆုံး ကြုံရပြီး ပတ်ဝန်းကျင် ကျေးရွာမှာဆိုရင် ကျောက် မီးကျောင်း၊
မြန်မာ့အင်းတော်နဲ့ လယ်တောင်ယာရွာတွေက အဆိုးဆုံး ကြုံရပါတယ်။ အဲဒီရွာတွေက
ရေလွှမ်းခံရလို့ ရွာလုံးကျွတ်ပြောင်းကုန်ပြီ'' ဟု မြစ်ရေစောင့်ကြည့်နေသူ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခုလက်ရှိ တနင်္သာရီမြို့တွင်းရှိ ရွှေလိပ်ပြာလမ်းတွင် မြစ်ရေ ၆ပေအထိ
တက်နေပြီးချောင်းငယ် ရပ်မွန် စုတွင် ၆ ဒသမ၂ ပေ အထိ ရေလွှမ်းလျက် ရှိကြောင်း၊
တနင်္သာရီ မြို့ပေါ်တွင် အိမ်ခြေ ၂၅၀ ခန့် ရေလွှမ်းမိုး နေပြီး လူဦးရေ ၁၂၀၀
ကျော် ရေဘေးသင့်လျက် ရှိကြောင်း သိရသည်။ ပတ်ဝန်းကျင် ကျေးရွာများ အပါ
အ၀င်ဆိုလျှင် လူဦးရေထောင်နှင့် ချီပြီး ရေဘေးသင့်ကာ မြိတ်ခရိုင်
အုပ်ချုပ်ရေးမှူး၊ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး၊ နည်းဗျူဟာမှူး
(ရေဖြူ) ဗိုလ်မှူးကြီးအောင်လွင်နှင့် တာဝန်ရှိသူများက ကယ်ဆယ်ရေး
လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
''မြို့ပေါ်က ကယ်ဆယ်ရေးစခန်းတွေမှာ ရိက္ခာတွေ ဖြန့်ဝေပေးထား ပြီးပါပြီ၊
ကျေးရွာတွေအထိ ကယ်ဆယ် ရေး လုပ်ငန်းတွေ လိုက် လံဆောင်ရွက်မှာပါ'' ဟု
တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက သြဂုတ် ၂ ရက်တွင် ပြောသည်။
eleven media group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...