Pages

Wednesday, August 21, 2013

ငွေထည်ကြေးချွတ်ဆေးကို ရေနှင့် မှားသောက်မိ၍ လူငယ်တစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးရှိ ငွေထည်ဆိုင်တစ်ဆိုင်တွင် သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ က ဆိုင်ရှင်၏ မောင်ဝမ်းကွဲဖြစ်သူ အသက် ၂၀ အရွယ် လူငယ်တစ်ဦးက Max အချိုရည်ဘူးဖြင့် ထည့်ထားသော ငွေထည်များ ကြေးချွတ်သည့်ဆေးကို ရေဟုထင်ကာ သောက်သုံးမိ၍ သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက The Voice သို့ ပြောကြားသည်။ 

 သေဆုံးသူမှာ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ကိုအောင်ဘိုဘိုဖြစ်ပြီး ယင်းနေ့က အစ်မဝမ်းကွဲတော်စပ်သူ ဆိုင်ဖွင့်လှစ်ထားသော သိမ်ဖြူဈေးအနီးရှိ ငွေထည် အရောင်းဆိုင်သို့ အလည်ရောက်ခဲ့ကာ အစ်မဖြစ်သူက ဈေးထွက်ဝယ်ပြီး ၁၅ မိနစ် အကြာတွင် ဆိုင်သို့ ပြန်လည်ရောက်ရှိခဲ့ရာ လူငယ်သည် ပါးစပ်မှ အမြှုပ်များ ထွက်နေသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံ ရောက်ပြီး ၁၀ မိနစ်အကြာတွင် သေဆုံးသွားကြောင်း အစ်မဖြစ်သူက ပြောကြားသည်။
 "ကျွန်မကမေးတော့ မုန့်စားပြီး ရေဆာလို့ Max အချိုရည် ဘူးထဲကဟာကို ရေမှတ်ပြီး သောက်မိတာလို့ ပြောတယ်။ အခြေအနေမကောင်းလို့ ဆေးရုံကို ခေါ်သွားတယ်။ ဒါပေမဲ့ ဆေးရုံရောက်ပြီး ၁၀ မိနစ် လောက်နေတော့ ဆုံးသွားတယ်" ဟု ၄င်းကပြောကြားသည်။ 
 အဆိုပါသေဆုံးမှုကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၃/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
 
 From:[_ The Voice _]

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...