အမေရိကန် အမျိုးသား လုံခြုံရေး
အေဂျင်စီက အမေရိကန် နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာ အီးမေးလ်များကို
နှစ်စဉ် စုဆောင်း ရယူခဲ့သည့် ကိစ္စ သည် အမေရိကန် အခြေခံဥပဒေနှင့်
ညီညွတ်ခြင်းမရှိဟု ၂၀၁၁ ခုနှစ် ကတည်းက အမေရိကန် တရားရုံးတစ်ခုက အဆုံးအဖြတ်
ပေးခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
အမေရိကန် နိုင်ငံသား
၅၆,၀၀၀ ကျော်၏ အီးမေးလ်များကို အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီက
ထောက်လှမ်း ရယူခဲ့ခြင်းသည် တရား ဥပဒေနှင့် မညီညွတ်ဟု နိုင်ငံခြား
ထောက်လှမ်း စုံစမ်းရေးဆိုင်ရာ အမေရိကန် တရားရုံးက ၂၀၁၁ ခုနှစ်တွင်
အဆုံးအဖြတ် ပေးခဲ့သည့် စာရွက် စာတမ်းများကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။
ပုံမှန်အားဖြင့် နိုင်ငံခြား ထောက်လှမ်း စုံစမ်းရေးဆိုင်ရာ
အမေရိကန် တရားရုံး ၏ ဆုံးဖြတ်ချက်များကို လျှို့ဝှက်ထားလေ့ ရှိသော်လည်း
ယခုအခါ လျှို့ဝှက် စာရွက်စာတမ်း အဖြစ်မှ လူသိရှင်ကြား ထုတ်ဖော်သည့်
စာရွက်စာတမ်း အဖြစ် ရောက်ရှိလာချိန်တွင် အမေရိကန် ထောက်လှမ်းရေး၏ အီးမေးလ်
အသုံးပြုသူများ၏ သတင်း အချက်အလက်များကို ရယူခြင်းသည် တရား ဥပဒေနှင့်
မညီညွတ်ကြောင်း ၂၀၁၁ ခုနှစ်က အဆုံးအဖြတ်ပေးခဲ့သည် ကို တွေ့ရှိရသည်။
အထက်ပါ
တရားရုံး၏ ဆုံးဖြတ်ချက်များမှာ လျှို့ဝှက်ထားလေ့ ရှိသော်လည်း သတင်း
အချက်အလက်များ လွတ်လပ်စွာ ဖော်ထုတ်ရန် တောင်းဆိုချက် အရ အမေရိကန် အစိုးရက
ဖော်ထုတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ လျှို့ဝှက် အဖြစ်မှ
လူသိရှင်ကြားအဖြစ်သို့ ထုတ်ဖော် ပြသခြင်းလည်း ဖြစ်သည်။
နှစ်စဉ်
အမေရိကန် နိုင်ငံသား ငါးသောင်းကျော်၏ အီးမေးလ်များကို ၂၀၀၈ နှင့် ၂၀၁၁
ခုနှစ်အတွင်း အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ က လျှို့ဝှက်
ရယူခဲ့ခြင်းဖြစ်ကာ အဆိုပါ အမေရိကန် နိုင်ငံသားများမှာလည်း အကြမ်းဖက်သမားဟု
သံသယရှိ ခံထားရသူများ မဟုတ်ပေ။
အမေရိကန် အမျိုးသား လုံခြုံရေး
အေဂျင်စီ၏ ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပြင်ဆင်ချက် အမှတ် ၄ တွင် ဖော်ပြ ထားသော “ကြောင်းကျိုး ဆီလျော်ခြင်းမရှိဘဲ
ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း တို့ကို တားမြစ်သည်” ဆိုသည်ကို
ချိုးဖောက်သည်ကို တွေ့ရကြောင်း အဆိုပါ တရားရုံး၏ ယင်းအချိန်က
တရားသူကြီးချုပ်ဖြစ်သူ ဂျွန်ဒီဘိတ်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်
အမျိုးသား လုံခြုံရေး အေဂျင်စီ၏ ကန်ထရိုက်ကုမ္ပဏီ တစ်ခုမှ ဝန်ထမ်းဟောင်း
တစ်ဦး ဖြစ်သော ဒက်ဒဝပ်စနိုးဒန်၏ ဖွင့်ချမှုကြောင့် အမေရိကန် အစိုးရက
ပြည်သူများ၏ အီးမေးလ်များ တယ်လီဖုန်း ပြောဆိုမှု များကို လျှို့ဝှက်
ထောက်လှမ်းနေကြောင်းကို လူအများ သိရှိသွား ခဲ့ပြီးနောက် အမေရိကန်အစိုးရ
အနေနှင့် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေ ရသည်။
အမေရိကန်
နိုင်ငံသားများ၏ အီးမေးလ်များရှိ သတင်း အချက်အလက်များ ကို အမေရိကန်
အမျိုးသား လုံခြုံရေး အေဂျင်စီက ရယူခြင်းသည် တမင် ရည်ရွယ်၍ ပြုမူခြင်း
မဟုတ်ဘဲ နည်းပညာဆိုင်ရာ ချွတ်ယွင်းချက်ကြောင့် ဖြစ်ကြောင်း အမေရိကန်
အမျိုးသား လုံခြုံရေး အေဂျင်စီ၏ အမည် မသိသော အရာရှိ တစ်ဦးက သတင်းထောက်
များကို ပြောကြားသည်။
အမေရိကန်သမ္မတ အိုဘားမားက ယခု ထွက်ပေါ်နေသော
ထောက်လှမ်းရေး သတင်းများနှင့် ပတ်သက်၍ ပိုမို ပွင့်လင်း မြင်သာမှု
ရှိစေရမည်ဟု ကတိပေး ပြောကြားခဲ့သည်။
From :
..the voice
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...