Pages

Saturday, August 3, 2013

မြန်မာ့လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ်သုံးမည်

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ ထောက်ပံ့သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးခွဲမှ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးလင်းက ပြောကြားသည်။ ကမ္ဘာ့ဘဏ်က သုံးစွဲမည့် ယင်းငွေကြေးပမာဏသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ စီမံကိန်း ကာလအတွက် အသုံးပြုရန် လျာထားခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေး အသင်း (International Development Association) က အတိုးမဲ့ နှစ်စဉ်ချေးငွေ ထုတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းချေးငွေသည် နှစ်ပေါင်း ၄၀ ကြာမှ ပြန် လည် ပေးဆပ်ရမည်ဖြစ်ပြီး ကြားကာလတွင် ဆယ်နှစ် ဆိုင်းငံ့ခွင့် ရှိကြောင်း၊ အတိုးမဲ့ချေးငွေဖြစ် ကာ ဝန်ဆောင်ခအဖြစ် ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 ကမ္ဘာ့ဘဏ်အနေနှင့် လျှပ်စစ်ကဏ္ဍတွင် ကူညီပံ့ပိုးပေးရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံရှိ လူဦးရေ လေးဦးအနက် တစ်ဦးသာလျှင် လျှပ်စစ်ဓာတ်အား ရရှိနေခြင်း၊ ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော ဓာတ်ငွေ့တာဘိုင်များမှာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်၍ လုပ်ငန်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် လျော့နည်းနေခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ၂၅ ရာခိုင်နှုန်း သော လျှပ်စစ်ဓာတ်အားများသည် ဓာတ်အားပေးပို့ ဖြန့်ဖြူးခြင်း အဆင့်တွင် ဆုံးရှုံးနေရခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားရရှိမှု မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ကမ္ဘာ့ဘဏ်က ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို စွမ်းအင်မြှင့်တင်ခြင်း၊ ဓာတ်အားပေးပို့ ဖြန့်ဖြူးရာတွင် လေလွင့်သည့် ပမာဏကို လျော့နည်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို လျော့နည်းစေနိုင်ကြောင်း ၎င်းက ဆိုသည်။

 ဓာတ်အားပေး စက်ရုံများရှိ ဓာတ်ငွေ့ တာဘိုင်များကို လဲလှယ် တပ်ဆင်ပေးရာတွင်လည်း ဝယ်ယူရေး ကန်ထရိုက် စာချုပ်များကို စနစ်တကျ ချုပ်ဆိုသွားမည်ဖြစ်ပြီး ကန်ထရိုက်ပေးရာတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ ပစ္စည်းဝယ်ယူရေး စည်းမျဉ်း လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ မွန်ပြည်နယ် သထုံမြို့နယ်တွင် ယခင် ဓာတ်ငွေ့တာဘိုင် အဟောင်းများအစား ခေတ်မီနည်းပညာများဖြင့် အသုံးပြုထားသည် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ပေါင်းစပ်ပတ်လည် ဓာတ်ငွေ့တာဘိုင် နည်းပညာသုံး စက်သစ်များဖြင့် လဲလှယ်တပ်ဆင်ရန် စီစဉ်နေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Khanthan Shankar က ပြောကြားသည်။

 ကမ္ဘာ့ဘဏ်က ဆောင်ရွက်ပေးမည့် အဆိုပါ စီမံကိန်းများမှ တစ်ဆင့် စက်ရုံအနီးရှိ ဒေသခံများ ရင်ဆိုင်ခံစားနေရသော စက်များ လည်ပတ်မှုကြောင့် ထွက်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် အသံဆူညံမှုများ သိသိသာသာ လျော့ပါးစေမည့်အပြင် လျှပ်စစ်မီး မလုံလောက်မှုနှင့် ပြတ်တောက်မှုများကို အထိုက်အသင့် လျော့ပါးသွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြုလုပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...