Pages

Sunday, August 25, 2013

အမေ့ဆီ

အမေ...
အမေ့နှလုံးသားအတွက်
ကံကြမ္မာမုဆိုးက
မာန်ပါပါဒုတ်ချိုးပြီး ချွန်လိုက်တဲ့
ဝေဒနာ အဆိပ်လူး
ဆူးကလေးတစ်ချောင်းဟာကျွန်တော်ပါ
အမေ...။
အမေ့မျက်ရည်...
နွေနှစ်စက်
ကြွေသက်တဲ့နှစ်မှာ..
ဧရာဝတီရဲ့ခါးရိုး
သွင်သွင်ကျိုးတဲ့အရပ်ကို ကျောခိုင်း
ဘဝကိုထင်ရာစိုင်းခဲ့
အကြင်နာသမိုင်းရဲ့ ဖတ်စာမှာ
ကျွန်တော်ဟာ
အမေ့နို့တစ်စက်ရဲ့ တန်ဖိုး
ပြန်ဆပ်ဖို့ မကြိုးစား
အမေ့နှလုံးသားရဲ့ဂီတ
ပီသဖို့စည်းချက်မညှိ
အမေ့စိတ်ကူး မျှော်လင့်ချတ်
ဘဝနဲ့နင်းပြီး ချေဖျက်
ယုံကြည်ချတ်တစ်ခုရှေ့တန်းတင်
မြားတန်းလန်းနဲ့ ခရီးနှင်နေသူပါအမေ..။
အမေ့ချို့တဲ့ ဘဝ..
တပတ်ရစ်ထဘီကလေးတကွင်းလောက်မှ
ကျွန်တော် တန်ဖိုးမဲ့
မာန်ပျိုးခဲ့ နှစ်ကာလများမှာ..
တကယ်ချစ်တာပါဆိုတဲ့ သူ့စကား
ကျွန်တော်နှလုံးသားကို
မြားတစ်စင်းလို ထိုးဖောက်ပေမယ့်
ရိုးသားခြင်းကို ကျိုးပေါက်ဖို့..
ကျွန်တော် ဘယ်သူအပေါ်မှာမှ
မချိုးဖောက်ခဲ့ရပါဘူး အမေ။
တမင်တကာ တည့်တည့်ကျတဲ့ဒုက္ခအိုး
ရင်နှစ်မြွာ ပဲ့ခဲ့ရတဲ့ ကျုပ်ဘဝဆိုး
သြော်.......
လောကအငြိုးသင်ခန်းစာထဲ
မိုးတွေမည်းရင် အဆိုးတွေသည်းသတဲ့
အဖိုးနည်းလို့ အိုးတွေလည်းကွဲရပြီအမေ..။
မပြီးပြတ်သေးတဲ့ညကို ခြေကန်
အမှန်တရားကို လက်ညှိုးထိုး
စကားလုံးမိုးတွေ ရွာချ..
ကဗျာဆရာဘဝမှာ နစ်မျောသူ
သဘာဝကပေးတဲ့ သဘာဝမျက်လုံးနဲ့
ပကာသနအပြုံးတွေကို ရင်ဆိုင်
နှလုံးသားကို စင်ပြိုင်ဟစ်
ဘဝမြစ်ရေစီးထဲမျောပါ
စာပေကဗျာအလင်္ကာချစ်ခြင်း
အကြင်နာစစ်တလင်းမှာ ဒုးထောက်
ကျွန်တော် မူးမှောက်ခဲ့တာတွေ
ခွင့်လွှတ်ပါအမေ မပြောလည်း
အမေ ခွင့်လွှတ်နေမယ်ဆိုတာ
ကျွန်တော် သိပြီးသားပါအမေ။
အမှန်ပြောရရင်...
အမေ့နှလုံးသားမှာ စိုက်တဲ့ဆူး
အဆုံးတရားရှာ မိုက်တဲ့ငမူးက ကျွန်တော်
ကျွန်တော် နှလုံးသားမှာ စိုက်တဲ့မြား
အမုန်းတရားရှာ ကိုက်တဲ့ပျားက က္ကုတ္တိယ
စိတ်ရှိသမျှ ပြောရရင်
အချစ်စစ်စစ်သမား
မဖြစ်တဖြစ် ငနွားဟာ ကျွန်တော်ပါအမေ..။
အဲဒီလို...
အားစမ်းကြမ်းတဲ့ နေ့ရက်တွေမှာ
မြားတန်းလန်းနဲ့ ရှေ့ဆက်ရင်း
မြားဆိပ်တွေတက်
အရက်တွေသောက်
တစ်ယောက်တည်းမူး
မှောက်လဲဖူးတဲ့ ညတွေမှာ
ဘဝအသိ
ရရှိခဲ့ နားလည်ခြင်းတရား
စကားလုံးများဖြင့် ဖန်တီး
ကျွန်တော်ရဲ့ နှလုံးသားစီးရီး
ခုထိထုတ်လို့မပြီးသေးဘူးအမေ။
အနူးအညွတ် တောင်းဆိုပါရစေအမေ...
မပြေလည်တဲ့ မိသားစုနဲ့
နေမကွယ်တဲ့အရှိတရား တစ်ခုရဲ့
ဟင်းလင်းပွင့် ခေါင်းစဉ်အောက်မှာ
ကျွန်တော်ရဲ့ ရိုးသားခြင်းကို အာရုံပြု
ကျွန်တော်ကို ဆက်လက် ရိုးသားခွင့်ပြုပါအမေ။
ခွင့်လွှတ်ပါအမေ..
ဧရာကမ်းနဖူးမှာ
ဝေဒနာအလွမ်းဆူးတွေနဲ့ ကျန်ရစ်
ပြန်...ဖြစ်တဲ့တစ်နေ့
အမေ့နှလုံးသားမှာ စိုက်တဲ့ဆူး
ဖွဖွကလေး တူးနုပ်
ရွရွကလေး ဒူးတုပ်..
ကျွန်တော် လက်အုပ်ချီပါဦးမယ်..။

မောင်သစ္စာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...