မန္တလေးတိုင်းဒေသကြီး
ပုဂံ-ညောင်ဦး မြို့သစ် ကားလမ်း၊ အနော်ရထာလမ်း တောင်ဘက်ရှိ
ဆူးလေကုန်းဘုရား အနီးတွင် သြဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ် အချိန်၌
ပြင်သစ်နိုင်ငံသူ တစ်ဦး၏ ခါးပတ်အိတ်ကို ဆွဲယူ ထွက်ပြေးခံရမှု
ဖြစ်ပွားခဲ့ကြောင်း ညောင်ဦး ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
ပြင်သစ်နိုင်ငံသူ Ms. Amilie Schaitt ၂၃ နှစ်သည် လှည့်လည် ဓာတ်ပုံ ရိုက်နေစဉ်
အနော်ရထာလမ်း တောင်ဘက်ရှိ လူသွားလူလာ ပြတ် တတ်သော ဆူးလေကုန်းဘုရား
အနီးတွင် ၎င်း၏ ခါးပတ်အိတ်ကို အသက် (၂၅) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက လုယူရာ
ပြန်လည် ဆွဲသဖြင့် ပြင်သစ်နိုင်ငံသူ၏ ဝဲမျက်လုံး ညိုမည်း၊ လည်ပင်း
ဝဲဘက်လက်ပြင် ပွန်းသော ဒဏ်ရာများ ရရှိခဲ့ကြောင်း ညောင်ဦး ရဲစခန်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ဒီနှစ်ဆန်းပိုင်းအတွင်းမှာ
ဒီလို ဖြစ်စဉ် လေးကြိမ်လောက် ရှိသွားပြီ။ လုံခြုံရေးကတော့ လုပ်နေတာပါပဲ။
ဆူးလေကုန်းဘက်ဆိုတာက လူအသွားအလာ နည်းတဲ့ နေရာတွေပါ။ နောက်ပြီး
နိုင်ငံခြားသားတွေ က တောလမ်းလို နေရာတွေကို စက်ဘီးနဲ့ တစ်ယောက်တည်း သွားကြ
တယ်။ လုံခြုံရေးကိုတော့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေတာပါ။ ခရိုင်
အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတွေ၊ Toursim
Police တွေနဲ့လည်း လုံခြုံရေး ဆောင်ရွက်ပေးနေတာပါ။ လိုအပ် သလို ပြင်ဆင်
ဆောင်ရွက်နေတာပါ။ အခွင့်အရေးသမားကတော့ အမြဲ စောင့်မှာပါပဲ” ဟု ပုဂံ
ဧည့်လမ်းညွှန် အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက The Voice သို့ ပြောဆိုသည်။
လုယူသွားသော ခါးပတ် အိတ်ထဲတွင် နိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်၊
အမေရိကန်ဒေါ်လာ ၂၀၀၊ မြန်မာငွေ ၁၀၀၀ ကျပ်၊ Credit Card တစ်ခု၊ Flight Ticket
တစ်စောင်၊ Bank Account Imformation တစ်ခုတို့ ပါသွားကြောင်း၊ အဆိုပါ
ဧည့်သည်မှာ ဒဏ်ရာ ရရှိမှုကြောင့် ညောင်ဦးဆေးရုံ တွင် ပြင်ပ လူနာအဖြစ်
ဆေးကုသခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့တွင် ဘန်ကောက်သို့ ပြန်လည် ထွက်ခွာမည်
ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ သိရသည်။
ပြင်သစ်နိုင်ငံသူ လုယက်ခံရမှုနှင့် ပတ်သက်၍ ၎င်းတည်းခိုသည့် တည်းခိုခန်း
ပိုင်ရှင်က တရားလိုပြု တိုင်တန်းသဖြင့် ညောင်ဦး ရဲစခန်းတွင် (ပ) ၉၄/၂၀၁၃၊
ပြစ်မှု ပုဒ်မ ၃၆၈ အရ အမှုဖွင့်ခဲ့ပြီး တရားခံကို ဖမ်းဆီးရမိရေး အတွက်
ဆောင်ရွက်လျက်ရှိကြောင်း ယင်းရုံးထံမှ သိရသည်။
From :
..the voice

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...