Pages

Saturday, August 3, 2013

နေအိမ်အတွင်း ပိတ်လှောင်ထားသည်ဟုဆိုကာ မိခင်က သားသမီးအရင်းများကို အမှုဖွင့်

သူမအပြင်သို့ မထွက်နိုင်ရန် တံခါးပိတ်ထားသည်ဟုဆိုကာ မိခင်ဖြစ်သူက သားသမီးအရင်း သုံးဦးကို ဇူလိုင် ၃၁ ရက်က အမှုဖွင့်တိုင်ကြားလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖြစ်ပွားပုံမှာ မိခင်ဖြစ်သူသည် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ တရားရုံး၌ အမှုရင်ဆိုင်ရန် ခရီးထွက်မည်ကို သားသမီးများက မသွားရန် တားဆီးသည့်အနေဖြင့် နေအိမ်ခန်းအတွင်း ပိတ်လှောင်ထားခဲ့ကြောင်း တရားလိုက ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။

ထိုသို့အခန်းထဲ ထည့်ပိတ်ထားသဖြင့် မိခင်ဖြစ်သူက အိမ်ရှေ့ဝရံတာမှနေ၍ “ရဲစခန်းကို ဖုန်းဆက်ပေးပါ” ဟု စာရေးသားပြီး ဖရောင်းတိုင်တွင် ပတ်ကာ အောက်သို့ပစ်ချခဲ့သည်ဟု သူက ရဲကို တိုင်တန်းရာတွင် ပြောကြားထားသည်။

အဆိုပါ ဖရောင်းတိုင် ပစ်ချပြီးနောက် နှစ်နာရီခန့်အကြာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လသာမြို့နယ် ရဲစခန်းမှ ရဲများက အိမ်သို့ရောက်ရှိလာသဖြင့် သူမကို ပိတ်လှောင်ထားမှုမှ လွတ်မြောက်ခဲ့သည်ဟုလည်း ရဲဌာန၌ ကာယကံရှင်က ထွက်ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မိခင်ဖြစ်သူ ဒေါ်ခင်မျိုးအေးက သူ့၏သားသမီးများက သူမကို ပိတ်လှောင်ထား သည်ဟု စွပ်စွဲကာ သမီးများဖြစ်သည့် အသက် ၂၃ အရွယ် မစိုးသဉ္ဇာ၊ အသက် ၂၀ အရွယ် မစိုးမြသွယ် နှင့် သားဖြစ်သူ အသက် ၂၁ အရွယ် ကိုကောင်းမင်းထက်တို့ကို လသာရဲစခန်း၌ တိုင်တန်းခဲ့သည်။

ရဲစခန်းကလည်း ထိုကိစ္စကို အမှုအမှတ် (ပ)၁၇၆/၁၃ ဖြင့်အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ သုံးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂ မတရားချုပ်နှောင်မှုဖြင့် တရားစွဲဆိုမည်ဟုလည်း သတင်းထုတ်ပြန်သည်။
From: Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...