(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲ ကျင်းပမည့်
ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ရန်ကုန်နှင့်
နေပြည်တော် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ထိုင်ခုံ များကို
ဖျက်ဆီးခဲ့သည့် ဆိုးသွမ်း ပရိသတ် ၁၂ ဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ်
စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆-၁ ဖြင့် အရေးယူ မည် ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် အမှတ် ၅
ရဲစခန်းမှ ရဲအုပ် နေမျိုးသူရိန် က ပြောကြားသည်။
ယင်းပြိုင်ပွဲ၌ ပရိသတ်များ၏ ဖျက်ဆီးမှုကြောင့် ထိုင်ခုံ ၁၅၀ ကျော်
ပျက်စီးခဲ့သည့်အတွက် ပြိုင်ပွဲ ကျင်းပရေး ကော်မတီက တရားလိုပြု
တိုင်ကြားခဲ့သောကြောင့် သံသယရှိသူများကို သြဂုတ်လ ၈ ရက်နေ့က စတင်
ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
မြန်မာ နေရှင်နယ်လိဂ်
အမှတ်ပေးပြိုင်ပွဲ၏ နောက်ဆုံးပွဲ ဖြစ်ခြင်းကြောင့် ဆုပေးပွဲ အခမ်းအနားပါ
ကျင်းပနိုင်ရန် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ရာ ပရိသတ်
သုံးသောင်းဆံ့သည့် ယင်းကွင်း သို့ နေပြည်တော် ပရိသတ် နှစ်သောင်းခန့်နှင့်
ရန်ကုန် ပရိသတ် နှစ်ထောင်ကျော် လာရောက် ကြည့်ရှုရာ ရန်ကုန် ယူနိုက်တက် အသင်း
ပယ်နယ်တီ ပစ်ဒဏ်ဘော ရခဲ့ခြင်းကို ကျေနပ်မှု မရှိသည့် ပရိသတ် များက
ကွင်းလယ်ဒိုင်နှင့် ကစားသမားများကို ရန်ပြုရာမှ ကွင်းအတွင်းရှိ
ထိုင်ခုံများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းပြိုင်ပွဲတွင်
ပရိသတ်များအပြင် နှစ်ဖက်အသင်း တာဝန်ရှိသူများပါ ခိုက်ရန် ဖြစ်ပွားခဲ့ရာ
ပါဝင်ခဲ့သူများကို အရေးယူမည်ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး တာဝန်ခံ
ဦးရဲမျိုးဟိန်းက ပြောကြား သည်။
ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌
ပြည်ထောင်စုဖလား ပြိုင်ပွဲ ကျင်းပစဉ် ပြည်ထဲရေး ဝန်ကြီးဌာနက လုံခြုံရေး
တင်းကျပ်ခဲ့ပြီး ယခုပြိုင်ပွဲ တွင် ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းများသာ
ထားရှိခဲ့သောကြောင့် အားကစား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံး
အဖွဲ့ချုပ်တို့မှာ ဝေဖန်မှု ခံခဲ့ရသည်။
From :
..the voice

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...