Pages

Friday, August 16, 2013

ရေဆိုးထွက်ရှိသော စက်ရုံများကို လိုက်လံ သတိပေးထား

ရန်ကုန် ၊ ၁၆-၈-၂၀၁၃
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်မှုဇုန် များနှင့် လူနေရပ်ကွက် များတွင် လည်ပတ် လုပ်ကိုင် နေကြသော စက်ရုံ အရေအတွက် ၃၅၀၀ ကျော်ရှိသည့် အနက် ၁၂၀၀ ခန့်မှာ ရေဆိုးများ ထွက်ရှိခြင်း မရှိဘဲ ကျန်စက်ရုံပေါင်း ၂၃၀၀ နီးပါးသည် ရေဆိုးများ ထွက်ရှိသော လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ထွက်ရှိလာသော ရေဆိုးများကို စက်ရုံအများစုက ပြန်လည် သန့်စင်ပြီးမှ စနစ်တကျ စွန့်ပစ်ခြင်း များကို ဆောင်ရွက်လေ့ မရှိဘဲ နီးစပ်ရာ မြောင်းများ ၊ ချောင်းများ အတွင်းသို့ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများ ပြုလုပ်တတ် ကြသည့် အတွက် ယခုအခါ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှ လိုက်လံ သတိပေး ထားပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ သတိပေးရာတွင် ရေဆိုးထွက် ရှိသော စက်ရုံများသည် ၄င်းတို့ စက်ရုံများမှ ထွက်ရှိ လာသော ရေဆိုးများကို ပြန်လည် သန့်စင်သော စနစ်များဖြင့် သန့်စင်ပြီးမှ သတ်မှတ် ထားသော နေရာများတွင် စနစ်တကျ စွန့်ပစ်ခြင်း လုပ်ငန်းစဉ်ကို စက်တင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ စတင် အကောင် အထည်ဖော် လုပ်ဆောင် ကြရမည် ဖြစ်သည်။ ယင်းကဲ့သို့ လုပ်ဆောင်ခြင်း မရှိပါက စက်ရုံ ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်ခြင်း ကို လာမည့် အောက်တိုဘာလ မှ စတင်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း တရားဝင် သတိပေး ထားသည်။

ရေဆိုးများ ထွက်ရှိသော စက်ရုံ အများစုမှာ လှိုင်သာယာ စက်မှုဇုန် နှင့် ရွှေပြည်သာ စက်မှုဇုန် တို့မှ စက်ရုံများ ဖြစ်ကြပြီး ထိုစက်မှုဇုန် များရှိ စက်ရုံများကို လိုက်လံ ကြည့်ရှု စစ်ဆေးရာတွင် ရေဆိုးများကို ပြန်လည် သန့်စင်ပြီးမှ စနစ်တကျ စွန့်ပစ်သော စက်ရုံ အရေအတွက် မှာ ဆယ်ဂဏန်းမျှသာ ရှိကြောင်း နှင့် ရေဆိုး ထွက်သော စက်ရုံ အမျိုးအစား များတွင် အရက်ချက် စက်ရုံ ၊ ဆေးဆိုး ပန်းရိုက် စက်ရုံနှင့် အအေးခန်း စက်ရုံ အစရှိသော စက်ရုံများ ပါဝင်သည်ကို တွေ့ရှိရကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ တာဝန်ရှိသူ တစ်ဦး ပြောကြား ခဲ့ကြောင်း သိရှိရသည်။
MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...