ကုလသမဂ္ဂ၏ အကြမ်းဖက်မှု တန်ပြန်ရေးဌာနသို့ အမေရိကန်ဒေါ်လာ သန်းတစ်ရာ အကူအညီ
ပေးခြင်းဖြင့် အစွန်းရောက်ဝါဒီများကို နှိမ်နင်းရာတွင် ကူညီမည်ဟု
ဆော်ဒီအာရေးဗီးယားဘုရင် အဗ္ဗဒူလာက ကတိကဝတ် ပြုခဲ့ကြောင်း Wall Street
ဂျာနယ်က ရေးသားဖော်ပြထားသည်။
အာရပ်နွေဦး လှုပ်ရှားမှုများနောက်တွင် ပေါ်ပေါက်လာသော ဘာသာရေးအရ အယူသီး
အစွန်းရောက်မှု များသည် အာရပ် လူ့အသိုင်းအဝိုင်းကို မြင်သာသော လက်နက်ကိုင်
ရန်သူများထက် ပိုမိုကြီးမားသော အန္တရာယ် ကျရောက်စေမည်ဟုလည်း ဆော်ဒီဘုရင်
အဗ္ဗဒူလာက ပြောဆိုသည်။ အစ္စလာမ်ဘာ သာဝင်တို့၏ ဥပုသ်လ ပြီးဆုံးခြင်း
အစ်ပွဲတော်ညတွင် ဆော်ဒီဘုရင်က ထိုသို့ပြောဆို သတိပေးလိုက်ခြင်းသည် ၂၀၁၀
တွင်စခဲ့သော အာရပ်တော်လှန်ရေးများအပြီး ကမ္ဘာ့ရေနံ ထုတ်လုပ်မှု
အမြင့်ဆုံးနိုင်ငံ ဆော်ဒီအာရေးဗီးယား၌ လုံခြုံရေးကဏ္ဍကို စိုးရိမ်မှုများ
ရှိနေကြောင်း သိသာစွာ ပြောဆိုလိုက်ခြင်းဟု Wall Street သတင်းက သုံးသပ်သည်။
“အကြမ်းဖက်သမားတွေ လက်မဦးခင် ကျွန်တော်တို့က ခိုင်မာစွာ
ကာကွယ်ထားနိုင်စေဖို့အတွက် လုံခြုံရေး လိုအပ်ချက်ဟာ ယခင့်ယခင်တွေကထက်
ပိုမိုမြင့်တက်လာပါတယ်” ဟု ဘုရင်အဗ္ဗဒူလာ က ပြောကြားခဲ့ သည်။
အာရပ်နိုင်ငံအချို့၏ ပြည်တွင်း ပဋိပက္ခများသည် ပြည်ပသို့ပါ ကူးစက်လာပြီး
အစ္စလာမ္မစ် စစ်သည်များ ပိုမိုများပြားလာကာ ၎င်းတို့က အနောက်တိုင်းကိုသာမက
ဆော်ဒီအာရေးဗီးယား ကဲ့သို့သော အနောက်အုပ်စု၏ မဟာမိတ်များကိုပါ
ရန်ဘက်ပြုလာကြောင်း ဘုရင်က ပြောဆိုခဲ့သည်။ ၎င်းသည် မည်သည့်နိုင်ငံဟု
နာမည်တပ်ပြီး မပြောဆိုခဲ့သော်လည်း အခြေအနေအရ ဆီးရီးယားကို
ဦးတည်ပြောဆိုကြောင်း သိသာထင်ရှားသည်။
“အယ်ကေဒါကို ချေမှုန်း လိုက်နိုင်ပြီလို့ တချို့က
ခန့်မှန်းပြောဆိုနေကြပါတယ်။ အယ်ကေဒါလို အဖွဲ့အစည်းတွေဟာ အလွန်ကို
ဗဟိုထိန်းချုပ်မှု မဲ့ပြီး လွယ်လွယ်လေးနဲ့ ပြန်စုဖွဲ့စည်းလို့ ရပါတယ်” ဟု
ဆော်ဒီအာရေးဗီးယားမှ ဘုရင်ဆော့ဒ် တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ
လက်ထောက်ပါမောက္ခ အယ်လ်တာ မာမီက သုံးသပ်ပြောကြားသည်။ ဆော်ဒီအာရေးဗီးယား
ပြည်ထဲရေး ဝန်ကြီးဌာနသည် အယ်ကေဒါနှိမ်နင်းရေး စစ်ဆင်မှုများကို ဦးဆောင်လျက်
ရှိပြီး ဘာသာရေး အစွန်းရောက်သည်ဟု ယူဆသူများ၊ အချို့စစ်သွေးကြွများ အတွက်
ပြန်လည် တည်ထောင်ပေးရေး ဂေဟာများ ဖွင့်ပေးမည်ဟု ထုတ်ပြန်ထားသည်။
အာရပ်စော်ဘွားများနိုင်ငံ UAE တွင်လည်း အစိုးရက အကြမ်းဖက်မှု
တန်ပြန်တိုက်ခိုက်ရေး သုတေသန စင်တာများ ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အစောပိုင်း
ကတည်းက သင်တန်းများ တောက်လျှောက်ပေးလျက် ရှိသည်။
From:ရိုးရာလေး
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...