မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ် (၆) ရပ်ကွက် ၁ လမ်းတွင်
ညီအစ်မချင်း စကားများရာမှ ၎င်းတို့၏ ခင်ပွန်းနှစ်ဦး အပြန်အလှန် ဓားဖြင့်
ခုတ်ကြရာ တစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပခုက္ကူမြို့
မြို့မရဲစခန်းမှ သိရှိရသည်။
သြဂုတ်လ ၉ ရက် နံနက် ၇ နာရီခန့်က
ညီအစ်မချင်း စကားများရာ အစ်မဖြစ်သူ ဒေါ်တင်တင်ဌေး၏ ခင်ပွန်း ဦးမြင့်အောင်က
ခယ်မဖြစ်သူ
ဒေါ်ခင်ခင်အေးကို အရိုး ငါးလက်မ၊ အသွား ၁၂ လက်မရှိ ဓားရှည်ဖြင့် ခုတ်ခဲ့ရာ
ဒေါ်ခင်ခင်အေး၏ ညာဘက် လက်ခလယ်နှင့် လက်သူကြွယ်လက် နှစ်ဆစ်ခန့် ပြတ်သွားပြီး
ယင်းအချိန်တွင် အနီးသို့ ရောက်ရှိလာသည့် ၎င်း၏ခင်ပွန်း ဦးရဲလွင်အောင်ကို
ဦးမြင့်အောင်က ဓားဖြင့် ဆက်လက်ခုတ်ခဲ့ရာ ဦးရဲလွင်အောင်၏ ဘယ်ဘက်ရင်ဘတ်တွင်
ဓားဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းအမှုကို စစ်ဆေးခဲ့သော မိတ္ထီလာမြို့
မြို့မရဲစခန်း၏ အမှုစစ်ဒုရဲအုပ် ဌေးဝင်းက ပြောကြားသည်။
ယင်းနောက်
ဦးရဲလွင်အောင်က ဦးမြင့်အောင်ကို အရိုး ငါးလက်မ အသွား ၁၂ လက်မဓားရှည်ဖြင့်
လည်ပင်းကို ခုတ်ရာ ဦးမြင့်အောင်သည် လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့်
သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။
ယင်းသို့ အချင်းများရာမှ
ဦးရဲလွင်အောင် ရင်ဘတ်ဒဏ်ရာရရှိပြီး ဒေါ်ခင်ခင်အေး လက်အဆစ်ပြတ်ဒဏ်ရာ ရရှိကာ
ဒေါ်တင်တင်ဌေး ဦးခေါင်းဒဏ်ရာ ရရှိ၍ ၎င်းတို့ သုံးဦးကို ပခုက္ကူမြို့နယ်
ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ပို့ကုသလျက် ရှိကြောင်း
အဆိုပါအမှုစစ်က ဖြည့်စွက် ပြောကြားသည်။
အဆိုပါအမှုနှင့် ပတ်သက်၍
ဦးရဲလွင်အောင်ကို ပခုက္ကူမြို့ မြို့မရဲစခန်းတွင် ပ၂၃၉/၂၀၁၃ ပြစ်မှုပုဒ်မ
၃၂၆ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ
စုံစမ်းသိရှိရသည်။
From :
..the voice
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...