Pages

Thursday, August 15, 2013

ကချင်ပြည်နယ်တွင် ဖိုင်ဘာဆက်ကြောင်း တည်ဆောက်မည်

ကချင်ပြည်နယ်အတွင်း တယ်လီဖုန်း ဆက်သွယ်မှုများ အဆင်ပြေ ချောမွေ့စေရန်အတွက် မြန်နှုန်းမြင့် ဖိုင်ဘာ ဆက်ကြောင်း (Fibre Optic Cable) ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကချင်ပြည်နယ် မန်နေဂျာ ဦးအောင်ဖြိုးမြတ်က The Voice သို့ ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှ မြစ်ကြီးနားသို့ ဆက်သွယ်မည့် ယင်းဖိုင်ဘာ ဆက်ကြောင်းကို တည်ဆောက်ရန်အတွက် ယခင်က ကချင်ပြည်နယ်အတွင်း ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်း ကွန်ရက်ကို တည်ဆောက်ခဲ့သော ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Nexus Network Company က တင်ဒါအောင်မြင်ထားပြီး ၂၀၁၄ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာက ရှင်းပြသည်။

“ဖိုင်ဘာဆက်ကြောင်း ရသွားပြီဆိုရင် အခုလက်ရှိ ဖြစ်နေတဲ့ ဖုန်းလိုင်း မိနေပေမယ့်လည်း ခေါ်ဆိုလို့မရတာမျိုး၊ ဖုန်းလာရင် ကိုင်လို့မရတာမျိုး၊ အင်တာနက် အသုံးပြုလို့ မရတာမျိုးတွေ၊ ဖုန်းခေါ်ရင် အသံတုန်ခြင်း၊ ခါခြင်းတွေ မရှိတော့ဘူး။ 3G လည်း အပြည့်သုံးနိုင်လာမယ်။ ADSL လိုင်းတွေ အရမ်းကောင်းလာမယ်” ဟု ဦးအောင်ဖြိုးမြတ်က ဆိုသည်။

လက်ရှိ ကချင်ပြည်နယ် တစ်ဝန်းတွင် တယ်လီဖုန်း ခေါ်ဆိုမှုများမှာ အဆင်မပြေ ဖြစ်လျက် ရှိကြောင်း ဗန်းမော်နှင့် ပူတာအိုမြို့တို့ရှိ မြိုခံများထံမှ သိရသည်။
“ပူတာအိုမှာဆို GSM ဖုန်းလိုင်းက တစ်ရက်ကို ၁၅ မိနစ်လောက်ပဲ ရတယ်။ ကျန်တဲ့ CDMA တွေလည်း ခေါ်ရတာ သိပ်အဆင်မပြေဘူး” ဟု ပူတာအိုမြို့ခံ ကိုထွယ်အောင်က ဆိုသည်။

အဆိုပါ ဖိုင်ဘာဆက်ကြောင်း တည်ဆောက် ပြီးစီးသွားသည နောက်ပိုင်း ကချင်ပြည်နယ်တွင် တယ်လီဖုန်းလိုင်းများကို ပိုမိုတိုးချဲ့ တပ်ဆင်သွားနိုင်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်လူဦးရေ၏ ၈၀ ရာခိုင်နှုန်း တယ်လီဖုန်း အသုံးပြုနိုင်ရေး ရည်မှန်းချက်ကို အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်းနှင့် လက်ရှိအသုံးပြုနေသော မိုက်ခရို ဆက်ကြောင်းကိုလည်း အရန်အဖြစ်ထားရှိ အသုံးပြုသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ဆက်သွယ်ရေးရုံးမှ အကြီးတန်း အရာရှိတစ်ဦး ပြောကြားသည်။

ကချင်ပြည်နယ်တစ်ခုလုံးတွင် မိုက်ခရိုဝေ့စခန်း ၂၈ ခုခန့်နှင့် CDMA/GSM တာဝါတိုင်ပေါင်း ၁၆ ခုခန့်ရှိပြီး ခမ်းခမ်းတောင်၊ ခေါက်ဆင့်၊ ကိုက်ထိပ်ဒေသတွင်ရှိသော တာဝါတိုင်သုံးခုမှာ ကချင်ပြည်နယ် တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများကြောင့် ပျက်စီးသွားခဲ့ပြီး ယနေ့ထိတိုင် ပြန်လည် ပြင်ဆင် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း ပြည်နယ် ဆက်သွယ်ရေးရုံးထံမှ စုံစမ်းသိရှိရသည်။

From: The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...