Pages

Sunday, August 11, 2013

ဆန်ဈေးမတက်ရန် ဆန်အိတ်ခြောက်သောင်းကျော် ဈေးလျှော့ရောင်းမည်

Photပ။ ရေကြီးနစ်မြုပ်မှုများနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာနိုင်သည့် ပြည်တွင်း ဆန်ဈေး မြင့်တက်မှုများကို ကာကွယ်နိုင်ရန် ဆန်ကုမ္ပဏီများက ဆန်အိတ်ရေ ခြောက်သောင်းကျော်ကို ဈေးကွက်ပေါက်ဈေးအောက် ဈေးလျှော့ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

နိုင်ငံတစ်ဝန်း ရေကြီးမှုကို အကြောင်းပြု၍ စပါးလှောင်သူများက စပါးဈေး ဆွဲတင်နေမှုနှင့် ဆန်ပြတ်လပ်မည်ဆိုသည့် ကောလာဟလများကြောင့် ဆန်ဈေးနှုန်း မြင့်တက်လာမှုကို ထိန်းရန်အတွက် ယင်းကဲ့သို့ စီစဉ်ရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“အဓိကတော့ ရုတ်တရက်တက်လာတဲ့ ဆန်ဈေးကို ထိန်းဖို့ပါ။ ကောလာဟလကြောင့် မလိုအပ်ဘဲ ကုန်ဈေးနှုန်းမြင့်မှာကို ထိန်းတဲ့သဘောပါ” ဟု ၎င်းကရှင်းပြသည်။

သီတင်းပတ် အနည်းငယ်အတွင်း မြင့်တက်လာသည့် ဆန်ဈေးနှုန်းကို ခံသာစေရန် ရည်ရွယ်၍ ဧည့်မထ ဆန်ကြမ်းများကို လက်ရှိဈေးကွက်ပေါက်ဈေးအောက် ၅ ရာခိုင်နှုန်းခန့် ဈေးလျှော့ရောင်းရန် စီစဉ်ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ဆိုသည်။

ဧည့်မထဆန်ဈေးသည် သြဂုတ်လ ၁ ရက်နေ့က တစ်အိတ်လျှင် ၁၅၁၀၀ ကျပ်မှ ၁၈၀၀၀ ကျပ် အတွင်းရှိခဲ့ပြီး သြဂုတ် ၈ ရက်နေ့တွင် ၁၆၂၀၀ ကျပ်မှ ၁၉၂၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း၊ သီတင်းပတ် အနည်းငယ်အတွင်း ဧည့်မထဆန် တစ်အိတ်လျှင် ကျပ်တစ်ထောင်ကျော်ခန့်ထိ မြင့်တက် လာခြင်း ဖြစ်ကြောင်း ဝါးတန်း ဆန်ကုန်စည်ဒိုင်ထံမှ သိရသည်။

အဆိုပါ ဆန်ကြမ်းရောင်းချမည့် ပြည်ပပို့ ကုမ္ပဏီများမှာ ဧရာဟင်္သာကုမ္ပဏီ၊ ရွှေဝါရောင်ကုမ္ပဏီ၊ စိမ်းလန်းမြေကုမ္ပဏီနှင့် First Rice & Paddy (FRP) ကုမ္ပဏီများ ဖြစ်သည်ဟု ဦးအောင်မြင့်က ဆိုသည်။

“ဈေးနှုန်းကျ မကျဆိုတာက သူတို့ဘယ်ဈေးနဲ့ ထုတ်ရောင်းမယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ လက်ရှိပေါက်ဈေးထက် လျှော့ရောင်းပြီး ဝယ်လိုအား ရှိသလောက် ရောင်းပေးနိုင်မှ ဈေးနှုန်းကို ထိန်းထားနိုင်မှာပါ” ဟုအဆိုပါ ဆန်ရောင်းချမှုအပေါ် ဘုရင့်နောင်ရှိ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးထွန်းဝင်းက သုံးသပ်သည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်မှ စတင်သည့် နိုင်ငံတစ်ဝန်း ရေကြီးမှုများကြောင့် စိုက်ပျိုးပြီး စပါးခင်းများ ရေလွှမ်းမိုးမှုများ ရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အချို့က သတင်းထုတ်ပြန်ထားသော်လည်း ပျက်စီးသည့် ပမာဏကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
 
From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...