Pages

Wednesday, August 28, 2013

လိုင်ဇာ ခရီးစဉ်နှင့် ပတ်သက်၍ သတင်း မထုတ်ပြန်ရန် ကုလ ကိုယ်စားလှယ် တားမြစ်

Photo:  သိရသည်။
မြစ်ကြီးနားသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားက လိုင်ဇာသို့ သွားရောက်မည့် ၎င်း၏ ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်း ထုတ်ပြန်ချက် တစ်စုံတစ်ရာ မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ကြောင်း ကေအိုင်အို အလုပ်အဖွဲ့ (Technical Advisory Team) မှ ပြောရေးဆိုခွင့်ရှိသူ ဆရာ ဒေါင်ခါးက The Voice သို့ ပြောသည်။

“ဒီနေ့ မစ္စတာ ဗီဂျေနမ်ဘီးယားရဲ့ လိုင်ဇာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေး တာ ရှိပေမယ့် သတင်း ထုတ်ပြန်ခြင်း မပြုလုပ်ဖို့အတွက် မေတ္တာရပ်ခံထား တယ်။ မနက်ဖြန် လိုင်ဇာက ပြန်ရောက်ရင်တော့ အခြေအနေကို ပြောပြနိုင် မယ် ထင်ပါတယ်”ဟု ဆရာ ဒေါင်ခါးက ဆိုသည်။

ကေအိုင်အို အလုပ် အမှုဆောင်အဖွဲ့နှင့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာ တွင် အလုပ်အဖွဲ့ရုံး ဖွင့်လှစ်ပြီး နောက်ပိုင်း တစ်လအတွင်း တိုးတက်မှု အခြေအနေ၊ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု အခြေအနေနှင့် ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ် (Peace Process) တွင် ကုလသမဂ္ဂ က မည်ကဲ့သို့ ပါဝင် ကူညီနိုင်မည်ဆိုသည်ကို ဆွေးနွေးခဲ့ကြကြောင်း ဆရာဒေါင်ခါး၏ ပြောပြချက်အရ သိရှိရသည်။

“မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အကောင်းမြင်တဲ့ဘက်ကနေ ချဉ်းကပ်သွားရမှာ ဖြစ်ပါတယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေနဲ့အတူ ရှိနေမှာ ဖြစ်ပါတယ်” ဟု မစ္စတာ နမ်ဘီးယားက သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သီတာရပ်ကွက် ရှိ နှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ဘာသာရေး ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်သည် မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေး အဖွဲ့အစည်းများ၊ ဒေသခံ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့ကြောင်း ပြည်နယ် အစိုးရ အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား က လိုင်ဇာသို့ သွားရောက်ခွင့် ရရှိသော်လည်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကင်တားနားကိုမူ လိုင်ဇာသို့ သွားရောက်ခွင့် မပြုခဲ့ကြောင်း မြစ်ကြီးနား ဒေသခံများထံမှ သိရသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...