၂၉- ၇- ၂၀၁၃ ရက်နေ့ထုတ် Messenger
ဂျာနယ်ပါ ဆောင်းပါးရှင် သန်းထိုက်အောင် ရေးသားတဲ့ “ပြည်သူချစ်ခဲ့တဲ့
တပ်မတော် ပြည်သူ့ရင်ခွင်ထဲ ဘယ်တော့ပြန်ရောက်မလဲ” ဆိုတဲ့ဆောင်းပါးကို
ဖတ်လိုက်ရ ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ တပ်မတော်
ပေါက်ဖွားဖြတ်သန်းခဲ့ရပုံကို ရေးသားထားတာ ဖတ်ရ ပါတယ်။ ပြည်သူတွေကြားထဲက
ပေါက်ဖွားခဲ့တဲ့တပ်မတော် ပြည်သူတွေ ချစ်ခင်လေးစားခဲ့ရတဲ့ တပ်မတော်
ပြည်သူတွေရင်ထဲ ဘယ်တော့ပြန်ရောက်လာမလဲ ဆိုပြီး အစချီရေးသားထားတဲ့
ဆောင်းပါးလေးကို ဖတ်ပြီး ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့
များစွာစိတ်မကောင်းဖြစ်မိပါတယ်။ လွတ်လပ်စွာပြောဆို
ရေးသားခွင့်ရလာတဲ့ခေတ်မှာ ဒီဆောင်းပါးကို ဖတ်ခွင့်ရလိုက်လို့
လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိတဲ့ ပြည်သူတစ်ယောက်အနေနဲ့
ကိုယ့်အမြင်ကိုယ့်သဘောထားလေးတွေကိုလည်း ဖော်ထုတ်ရေးသားလိုက် ပါတယ်။
ဆောင်းပါးမှာ ဖော်ပြထားသလိုပဲ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့
ရဲဘော်သုံးကျိပ်ကနေ အစပြု ပေါ်ပေါက်ခဲ့တဲ့ တပ်မတော်ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းက
ပြည်သူ့ရင်ခွင်ထဲက ပြည်သူချစ်တဲ့ တပ်မတော်အဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။
တပ်မတော်သားတွေဟာ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထုတွေက
မွေးထုတ်ပေးလိုက်တဲ့ ရင်နှစ်သည်းချာတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတာ
ဖြစ်ပါတယ်။ စဖွဲ့တုန်းက လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့ကြတယ်။
လွတ်လပ်ရေးရပြန်တော့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေးအတွက်အသက်ပေးပြီး နိုင်ငံတော်ကို ဆက်လက် ကာကွယ်ခဲ့ကြတာ
ဖြစ်ပါတယ်။ ကမ္ဘာတည်သရွေ့ မြန်မာပြည်ရှိနေအောင်လည်း သူတို့တွေက အသက်ပေး
ကာကွယ်သွားကြမယ်ဆိုတာ ယုံမှားသံသယရှိစရာ မလိုလောက်ဘူးလို့
ကျွန်တော်ထင်ပါတယ်။
ဒါကြောင့် တပ်မတော်ကို ပြည်သူလူထုက
ချစ်ခဲ့ကြတယ်။ တပ်မတော်ကလည်း သူတို့ရဲ့အသက် ခန္ဓာနဲ့ ရင်းနှီးပြီး
ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့
ကြပါတယ်။ ဘယ်သူပဲ တိုင်းပြည်ကို ဘယ်လောက်ချစ်တယ်ပြောပြော တိုင်းပြည်အတွက်
အသက်စွန့်ဖို့ ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ တပ်မတော်ဟာ
နိုင်ငံရေးထဲမှာ မပတ်သက်လိုတာ ဗိုလ်ချုပ် အောင်ဆန်း သက်ရှိထင်ရှားရှိနေတဲ့
ကာလကတည်းကပါ။ ဒါဖြင့်ရင် တပ်မတော်ဟာ နိုင်ငံရေးထဲ ဘာလို့ ပါလာကြရတာလဲ၊
အတိတ်ကိုပြန်ကြည့်ရင် တွေ့လာရမှာပါ။
ခပ်ရှင်းရှင်းတွေးကြည့်ရင် နိုင်ငံတော်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်
နိုင်ငံ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ တာဝန်မကျေကြလို့ပေါ့။
ကိုယ့်အလုပ်ကိုယ်မလုပ်ကြလို့ပေါ့။ နိုင်ငံရေးသမားတွေ
စည်းလုံးညီညွတ်မှုမရှိကြလို့ပေါ့။ ၁၉၅၆ ခုနှစ်မတိုင်မီကလည်း
ပါတီတွေကွဲကြတာပါပဲ။ အာဏာရပါတီ အတွင်းမှာလည်း မညီမညွတ် ကွဲကြပြဲကြတာပါပဲ။
အဲဒီအချိန်က အာဏာရပါတီကရော ဘယ်လောက် ရိုးသားခဲ့ပါသလဲ။ အာဏာရပါတီကရော
တပ်မတော်ရဲ့အင်အားကို ရယူမထားပါဘူးလို့ ဘယ်သူပြောနိုင်မှာ ပါလဲ။
နိုင်ငံရေးသမားတွေ ကွဲကြပြဲကြ တိုင်းပြည်အခြေအနေကို ထိန်းမနိုင်သိမ်းမရ
ဖြစ်လာပါမှ တိုင်းပြည်ကို တပ်မတော်လက်ထဲ ထိုးထည့်တတ်တာတာ ခေတ်အဆက်ဆက်ပါ။
နိုင်ငံတော် ဖရိုဖရဲဖြစ်တဲ့ အချိန်မှာ ၀င်ဝင်ပြီး တာဝန်ယူ ဖြေရှင်းရတဲ့
တပ်မတော်ရဲ့ပုံရိပ်ဟာ စင်းလုံးကောင်းဖို့တော့ မမြင်မိပါဘူး။
ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ ဖြစ်နိုင်ရင် ဗိုလ်ချုပ်အောင်ဆန်းကို
သက်ရှိထင်ရှား ရှိနေ စေချင်ပါသေးတယ်။ မြန်မာနိုင်ငံရဲ့
လွပ်လပ်ရေးဗိသုကာကြီး။ အမျိုးသားခေါင်းဆောင်ကြီး။ တပ်မတော်ရဲ့ ဖခင်ကြီး။
ဗိုလ်ချုပ်အောင်ဆန်းတို့ကိုယ်တိုင် ဘယ်လိုဖြေရှင်းမယ်မှန်းမသိတဲ့
ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေးတွေရဲ့ အဖြေကိုသိချင်လို့ပါ။ ခုတော့
နောက်လူတွေကလည်း ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ရေးအတွက် ဖြစ်တဲ့နည်းနဲ့
ဆောင်ရွက်ကြရတယ်။ တချို့ကလည်း သက်ရှိထင်ရှား မရှိတော့တဲ့
ဗိုလ်ချုပ်အောင်ဆန်းကတိစကားဆိုပြီး အမျိုးမျိုးတောင်းဆိုကြတယ်။
ဆွေးနွေးလို့ အဆင် မပြေကြတော့၊ အာဏာရအစိုးရက မဖြေရှင်းနိုင်တော့
တပ်မတော်အပေါ် ခေါင်းပုံချကြပါရောလား။ တပ်မတော်ဆိုတာကတော့ အစိုးရက
တာဝန်ပေးညွန်ကြားတဲ့အတိုင်း လိုက်ပါထမ်းဆောင်ကြရမှာပဲလေ။
စာတစ်ပုဒ် ဖတ်ဖူးပါတယ်။ မြို့တစ်မြို့ကို ပြောင်းလာတဲ့ လူတစ်ယောက်က
မြို့ခံလူတစ်ယောက်ကို ဒီမြို့ကလူတွေ စိတ်ရင်းကောင်းရဲ့လားလို့ မေးပါသတဲ့။
မြို့ခံလူက လူစိမ်းကို အရင်မြို့က လူတွေရော စိတ်ရင်းကောင်းပါသလားလို့
ပြန်မေးတယ်တဲ့။ အရင်မြို့ကလူတွေက စိတ်ရင်းမကောင်းဘူးလို့ လူစိမ်းက
ပြန်ဖြေသတဲ့။ အဲဒီတော့ မြို့ခံလူက ဒီမြို့ကလူတွေလည်း
အရင်မြို့ကလူတွေလိုပါပဲလို့ ပြန်ဖြေလိုက် ပါတယ်တဲ့။ ဆိုလိုတာကတော့
ပတ်ဝန်းကျင်ကောင်း၊ မကောင်းဆိုတာ ကာယကံရှင်နဲ့ပဲ သက်ဆိုင်တယ်လို့
ဆိုလိုတဲ့သဘောဖြစ်ပါတယ်။ ဒီလိုပါပဲ တပ်မတော်ကို ချစ်ခြင်း၊ မုန်းခြင်း၊
တပ်မတော်ဟာ ပြည်သူ့ရင်ခွင် အတွင်း ရှိနေခြင်း၊ ရှိမနေခြင်းဟာလည်း
တပ်မတော်အပေါ် အကောင်းမြင်သူ (သို့မဟုတ်) အဆိုးမြင်သူ ကာယကံရှင်များရဲ့
အမြင်အပေါ်မှာသာ မူတည်နေတာဖြစ်ပါတယ်။
တပ်မတော်အပေါ်
အကောင်းမမြင်သူတွေကလည်း အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ တချို့က
ကိုယ်တိုင်နာကြည်းချက်ရှိလို့၊ တချို့က မနာလိုဝန်တိုစိတ်များလို့
စသည်ဖြင့်ပေါ့။ ခုနောက်ပိုင်းမှာ ကိုယ့်မှာအပြစ်ရှိလို့ ဒါမှမဟုတ်
တာဝန်ရှိလို့ တပ်မတော်က အပြစ်ပေးထုတ်ပယ်ခံရသူများကပါ ကိုယ့်အပြစ်
အနာအဆာတွေကို ဖုံးကွယ်ထားပြီး တပ်မတော်ကို အမျိုးမျိုး ပုတ်ခတ်ဝေဖန်လာကြတာ
တွေ့နေရပါတယ်။ သူတို့တုန်းက အပြစ်ကင်းခဲ့သလိုလို၊
ဘာမှမလုပ်ခဲ့သလိုမျိုးပေါ့။ ဒီထက်ပိုဆိုးတာက တချို့ တပ်ထွက်
ပုဂ္ဂိုလ်ကြီးများဟာ တပ်မတော်ရဲ့အရိပ်မှာ ကောင်းကောင်းခိုနားခဲ့ဖူးတဲ့
မျက်နှာကိုမှမထောက် အမှန် တရားကို မြတ်နိုးသလိုလို၊
ပြည်သူ့ဘက်ကရပ်တည်သလိုလိုနဲ့ တပ်မတော်အပေါ် အပုပ်ချလာတာကို တွေ့ရမှာပါ။
အမှန်အတိုင်းဆိုရင် ရှေ့ကဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေဟာ လက်ရှိတပ်မတော်ထက်
သူတို့နဲ့ ပိုဆိုင်နိုင်ပါတယ်။ ကျွန်တော်ကြားမိသလောက်ဆို ဒီ Messenger
ဂျာနယ်ဆိုတာလည်း တပ်ထွက် ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့
ဆွေမျိုးရင်းချာတွေကိုယ်တိုင် ထုတ်ဝေတာဆိုပဲ။ ဟုတ်လားတော့မသိပါဘူးဗျာ။
စာရေးသူအနေနဲ့
နိုင်ငံရေးသမားတွေ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒအတိုင်းလုပ်ဆောင်နိုင်ခြင်း
ရှိ၊ မရှိ နိုင်ငံရေးသမားများအချင်းချင်း စည်းစည်းလုံးလုံး၊
ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်း တိုးတက် ချမ်းသာအောင်
ဆောင်ရွက်လိုတဲ့ စိတ်ရင်းစေတနာကောင်းတွေ ရှိ၊ မရှိကို ပြည်သူများကိုယ်စား
ဦးစွာ မေးခွန်းထုတ်သင့်တယ်လို့ထင်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်များအနေနဲ့
စေတနာကောင်းကောင်း အရည်အချင်းရှိရှိ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို
ဦးဆောင်သွားနိုင်ရင် တပ်မတော်အနေဖြင့် ရှုပ်ထွေး လှတဲ့
နိုင်ငံရေးဝဲသြဃထဲမှာ ပါဝင်ပတ်သက်နေဖို့ အကြောင်းတစ်စုံတစ်ရာမရှိဘူးလို့
ထင်မိပါတယ်။ ဒီလိုမဟုတ်ပဲ ကောင်းမွန်သောခေါင်းဆောင်မှုမရရှိခဲ့ရင်
သူတို့ပေးအပ်တဲ့အမိန့်နှင့်တာဝန်များအတိုင်း တပ်မတော်က
ထမ်းဆောင်နေရဦးမှာဖြစ်ပါတယ်။ ခေါင်းဆောင်မှုညံ့ဖျင်းလို့
တိုင်းပြည်ဖရိုဖရဲဖြစ်မယ့် အရိပ်အယောင်များတွေ့ခဲ့ရင်လည်း တပ်မတော်က
ဝင်ရောက်ထိန်းသိမ်းနေရဦးမယ်လို့ ထင်ပါတယ်။
တပ်မတော်ဟာ
ဘယ်အစိုးရတက်တက် ဘယ်သူသမ္မတဖြစ်ဖြစ် အဲဒီအစိုးရ အဲဒီသမ္မတရဲ့ အမိန့်ကို
နာခံလိုက်နာဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မငြိမ်မသက်
ဆူပူဆန္ဒပြမှုများဖြစ်ခဲ့ရင်လည်း တည်ဆဲအစိုးရရဲ့
အမိန့်နဲ့ညွှန်ကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်ထိန်းသိမ်းရမှာ
ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဆူပူဆန္ဒပြမှုများကို
ကိုင်တွယ်ထိန်းသိမ်းခဲ့ရာမှာလည်း ဒီသဘောတရားအတိုင်း ဖြစ်ပါလိမ့်မယ်။
တပ်မတော်သားများအနေနဲ့ ကိုယ်ရေးကိုယ်တာ မုန်းတီးမှုများနဲ့
နှိပ်ကွပ်ဖိနှိပ်မှုများ မရှိနိုင်ပါဘူး။
အများသူငါပြောနေကြတဲ့
ရှစ်လေးလုံးအရေးတော်ပုံဆိုတာလည်း ရာနှုန်းပြည့်ဒီမိုကရေစီ လှုပ်ရှားမှု လို့
ပြောဖို့မဖြစ်နိုင်ပါဘူး။ ဆိုရှယ်လစ်အစိုးရရဲ့
စီမံအုပ်ချုပ်မှုအားနည်းချက်များကြောင့် တိုင်းပြည် ချွတ်ခြုံ ကျခဲ့တယ်။
ပြည်သူလူထုက ဆင်းရဲဒုက္ခတွေမခံနိုင်တဲ့အဆုံးမှာ ဆူပူဆန္ဒပြမှုတွေဖြစ်တယ်။
ဦးနေ၀င်းက ပါတီစုံစနစ်ကို လမ်းဖွင့်တဲ့အရိပ်အယောင်ပြတယ်။ နောက်ကွယ်က
အုပ်စုတွေက ငြိမ်းချမ်းစွာ အသွင်ကူး ပြောင်းရေးကို မလိုလားဘူး။
အစိုးရပြုတ်ကျရေးကို ဦးတည်ပြီး ဆူပူဆန္ဒပြအောင် လှုံ့ဆော်ခဲ့တယ်။
နောက်ပိုင်းမှာ ဆူပူထကြွသူတွေက အပြစ်မဲ့ပြည်သူတွေကို
အချင်းချင်းဖမ်းဆီးခေါင်းဖြတ်တဲ့အထိ မင်းမဲ့ စရိုက်တွေ ဖြစ်လာတယ်။
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်စိမ်တွေ လုံခြုံမှုမရှိတော့ဘဲ တရားဥပဒေ
စိုးမိုးမှုမရှိတော့လို့ တပ်မတော်က အချိန်မီဝင်ရောက်ထိန်းသိမ်းရတယ်လို့
သိမြင်ကြတဲ့ ပြည်သူတွေလည်း အများကြီး ရှိပါတယ်။
အဲဒီလို ဆူပူဆန္ဒပြ
မင်းမဲ့စရိုက်တွေကို ထိန်းသိမ်းရာမှာလည်း မြို့ပြအကူအညီပေးရေး ဆိုင်ရာ
ဥပဒေများနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၈၈ အရေးအခင်းအပါအ၀င်
ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှု တိုင်းကို နှိမ်နင်းရာမှာ
ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ခဲ့တာတွေချည်းပဲ ဖြစ်ပါတယ်။ ဆူပူ
အကြမ်းဖက်သူကတစ်ခြား ပြည်သူလူထုကတစ်ခြားဖြစ်ပါတယ်။ တာဝန်အရမဟုတ်ဘဲ
စိတ်ထင်တိုင်းသာ ပစ်ခတ်မယ်ဆိုရင် စစ်သုံးလက်နက်များရဲ့ စွမ်းပကားကြောင့်
သေကြေပျက်စီးမှုတွေဟာ မှန်းဆလို့ မရနိုင် ပါဘူး။ သာမန်အရပ်သားတစ်ယောက်ဟာ
မြန်မာပြည်မှာ သေနတ်ဒါဏ်ရာရစရာ အကြောင်းမရှိပါဘူး။ ဒီလိုပဲ
တပ်မတော်သားတွေကလည်း သာမန်အရပ်သားတွေကို သေနတ်နဲ့ အကြောင်းမဲ့ပစ်ခတ်စရာ
မရှိ ပါဘူး။ အကြောင်းတော့ရှိမှာပါ။ ဒီနေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့
ပစ်ခတ်ထိန်းသိမ်းမှုတွေကိုချည်း အာရုံစိုက်နေလို့ မဖြစ်ပါဘူး။
အပြစ်မဲ့ပြည်သူတွေကို တာဝန်အရ ဆောင်ရွက်ရမယ့် လုံခြုံရေးတပ်ဖွဲ့တွေရဲ့
စက်ကွင်းထဲကို သွေးထိုးလှုံ့ဆော်မောင်းပို့နေတဲ့
လက်နက်မဲ့လူသတ်သမားတွေကိုလည်း ဂရုပြုသင့် ပါတယ်။ ဒီလို
လက်နက်မဲ့လူသတ်သမားတွေဟာ ဒီနေ့ဒီအချိန်အထိ ရှိနေကြဆဲပါ။
စစ်ရေးအမြင်ရှိရမယ်ဆိုတာကို
နားမလည်သူများက၊ နားမလည်ချင်ယောင်ဆောင်သူများက ပေါ့ပေါ့ တန်တန်
ပျက်ရယ်ပြုကြပါတယ်။ စစ်တပ်က နေရာတကာ သူသိသူတတ် ဆရာကြီးလုပ်ချင်တယ်လို့ ယူဆ
ကြပါသေးတယ်။ “နာဂစ်မုန်တိုင်းမှာ သေကြေပျက်စီးမှုများခဲ့ရတာလည်း
ခေါင်းဆောင်အချို့ရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့်ဖြစ်ရတယ်၊ ဒါကြောင့်
တပ်မတော်နဲ့ ပြည်သူအကြား ဆက်ဆံရေးပိုမိုထိခိုက်ရတယ်” ဆိုတာလည်း
အမြင်မကြည်သူတို့ရဲ့ တစ်ဖက်သတ်ယူဆချက်များသာဖြစ်မှာပါ။
နာဂစ်မုန်တိုင်းနဲ့အတူ နိုင်ငံတကာအကူအညီပေးရေးကို အကြောင်းပြပြီး
မြန်မာ့ပင်လယ်ပြင်ကနေ နိုင်ငံအတွင်းဝင်ရောက်လာမယ့် ပြည်ပတပ်ဖွဲ့များကို
လက်သင့်မခံခဲ့လို့ မကျေမနပ်ဖြစ်ကြတာဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲဒီလူ
တွေကို ငါးစာသာမြင်ပြီး ငါးမျှားချိတ်မမြင်တာလို့ပဲ ပြောချင်ပါတယ်။
နေရာတစ်ခုကို ခေါင်းဝင်ပြီးရင် ပြန်လှည့်ဖို့မရှိဘဲ တစ်ကိုယ်လုံးဝင်ဖို့
ဆက်အားထုတ်တတ်တဲ့ ကုလားအုပ်ပုံပြင်လိုပဲ တစ်ခြားနိုင်ငံတွေကို ကြည့်ရင်လည်း
ပြည်ပတပ်တွေဟာ ၀င်လာပြီးရင် လွယ်လွယ်နဲ့ပြန်ထွက်သွားတတ်တဲ့
ထုံးစံမရှိဘူးဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။
အခြေခံဥပဒေအရလည်း
မြန်မာမြေပေါ်မှာ ဘယ်နိုင်ငံခြားတပ်ကိုမှ အခြေချခွင့်မပြုဘူးဆိုတာ
သိထားသင့်ပါတယ်။ ၈၈ အရေးအခင်းကာလမှာလည်း ပြည်ပအင်အားကြီးနိုင်ငံက
လေယာဉ်တင်သင်္ဘော တွေဟာ မြန်မာ့ရေပိုင်နက်အတွင်း ရောက်ရှိလာခဲ့ဖူးပါတယ်။
တစ်ပြိုင်တည်းမှာပဲ ရေတပ်၊ လေတပ်တွေက အင်အားစုတွေကို ဆန္ဒပြမှုအတွင်း
ပါလာအောင် သွေးဆောင်စည်းရုံးခဲ့ပါတယ်။ ဒီစည်းရုံးမှုသာ အချိန်ကိုက်
အောင်မြင်ခဲ့ရင် အယောင်ဆောင် ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ အတူ
နိုင်ငံခြားတပ်ဖွဲ့များဟာ မြန်မာ့မြေပေါ်ကို
ကျူးကျော်ရောက်ရှိလာနိုင်တယ်လို့ ကျွန်တော်တော့ထင်မိပါတယ်။
ဒါတင်မဟုတ်သေးပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့မြေအနေအထားအရ နဂါးကြီးနဲ့
အဆင်ပြေရင် လင်းယုန်ကြီးက နိုင်ငံအတွင်း မတည်မငြိမ် ဖြစ်အောင် လုပ်တတ်တာ၊
လင်းယုန်ကြီးနဲ့ အဆင်ပြေရင် နဂါးကြီးက မတည်မငြိမ်ဖြစ်အောင် လုပ်တတ်တာ
တွေကိုလည်း ပြည်သူတွေ သတိထားမိမှာပါ။
ပြီးခဲ့တဲ့အတိတ်က
အဖြစ်အပျက်များကို အခြေခံပြီး တပ်မတော်အပေါ် အမြင်မကြည်လင်သူတွေ ရှိနေသလို
တပ်မတော်အပေါ် အသားလွတ် ပုတ်ခတ်ဝေဖန်ပြောဆိုနေသူတွေကို မချင့်မရဲဖြစ်နေတဲ့
ပြည်သူတွေလည်း ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများအပြားရှိနေတယ်ဆိုတာကိုတော့
သိစေချင်ပါတယ်။ သူတို့က တပ်မတော်သားတွေနဲ့လည်း ဆွေမျိုးနီးစပ်မှု
မရှိကြဘူး။ စီးပွားဖက်လည်းမဟုတ်ကြပါဘူးဗျာ။ ဒါပေမယ့်
ဂျာနယ်အတော်များများကလည်း မြေအောက်ကနေ မြေပေါ်ရောက်လာသလား အောက်မေ့ရပါ တယ်။
နိုင်ငံတော်ရဲ့ တရားဝင်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို
အားရပါးရတိုက်ခိုက်တတ်ပြီး ထောင်ထွက် ပြည်ပြေး တရားမ၀င်အဖွဲ့အစည်းတွေကိုသာ
ခမ်းခမ်းနားနား ဖေါ်ပြချင်တာက ရောဂါတစ်မျိုးလို တွေ့မြင် နေရပါတယ်ဗျာ။
ရန်ပုံငွေအကြောင်းပြပြီး တင်ဆက်တဲ့ပွဲမှန်သမျှလည်း မလောက်လေးမလောက်စားနဲ့
တိုက်ခိုက်နေတာများပါတယ်။
ဟိုတုန်းက ရှေ့တန်းပြန်တပ်မတော်သားတွေကို
ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆို ကြတယ်ဆိုတာလည်း ဟုတ်ပါတယ်။
နောက်ပိုင်းကျတော့ ပြည်သူတွေက မကြိုဆိုကြတာတော့ မဟုတ် ဘူးဗျ။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်
တပ်မတော်ဘက်က ရှေ့တန်းပြန်ကြိုဆိုပွဲတွေ မလုပ်စေတော့တာပါ။ ဖြစ်နိုင်ရင်တော့
ပြည်သူတွေက သူ့လုံခြုံရေးသူ တာဝန်ယူ ပြီး
တပ်မတော်နေ့ဂုဏ်ပြုစစ်ကြောင်းတွေကိုတောင် ပန်းကုံးစွပ်ပေးချင်နေကြတာပါ။
အဲဒါလေးတွေလည်း အများသိအောင် ပြောပြလိုက်ပါဦး။ ခုနောက်ပိုင်း
တပ်မတော်အတွင်းမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ အဆင့်မြှင့်တင်မှုတွေ
လုပ်နေတာလည်း ကြားမြင်နေကြရမှာပါ။ တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို
ထမ်းဆောင်သွားမယ်လို့ ယုံကြည်ရပါတယ်ဗျာ။ ဒါကလည်း ပြည်သူတွေယုံကြည်လာအောင်
ဟန်ပြလုပ်နေတာမဟုတ်ဘဲ ပြည်သူလူထုရဲ့အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားမယ်
ဆိုတဲ့ တပ်မတော်ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်၊ ခံယူချက်အတိုင်း
လုပ်ဆောင်နေတယ်လို့ ကြားရပါတယ်ဗျာ။
တပ်မတော်ကို စတင်ဖွဲ့စည်းကတည်းက
နိုင်ငံတော်အတွက် ဖြစ်ရမယ်ဆိုတဲ့ တိုင်းချစ်ပြည်ချစ် စိတ်နဲ့
ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်ဟာ မည်သည့်အချိန်ကမှ တပ်မတော်အတွက်
မဟုတ်ခဲ့သလို နောင်လည်း ဘယ်အခါမှ ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မတော်နေ့ မိန့်ခွန်းကို
ကြားရဖတ်ရတာလည်း ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ယနေ့တပ်မတော်အပေါ်
အားရစရာပါ။ ဆောင်းပါးထဲမှာပါသလို “ပြည်သူလူထုဘက်ကလည်း
စစ်ရေးစစ်ရာကိစ္စတွေအတွက် တပ်မတော်သား တွေအပေါ် နားလည်ပေးရင်
ဆက်ဆံရေးကောင်းတွေ ပြန်ပြီး တည်ဆောက်နိုင်မှာပါ” ဆိုတဲ့ စကားကိုတော့
သဘောကျပါတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် တပ်မတော်ဟာ ပြည်သူတွေကြားက ပေါက်ဖွားလာတာပါ။
တပ်မတော်သားတွေရဲ့ ရင်ထဲမှာ ပြည်သူလူထုကို အစဉ်ဦးထိပ်ထားသလို
ပြည်သူတွေရင်ထဲမှာလည်း တပ်မတော်ဟာ အမြဲရှိနေမှာပါ။ ဒါကြောင့်
ဆောင်းပါးရှင်အနေနဲ့ “ပြည်သူချစ်ခဲ့တဲ့ တပ်မတော် ပြည်သူ့ရင်ခွင်ထဲ
ဘယ်တော့ပြန်ရောက်မလဲ” ဆိုတဲ့မေးခွန်းကို တကူးတက မေးနေဖို့မလိုသလို ထူးထွေ
ဆန်းပြားတွေလည်း ပြန်ဖြေနေစရာမလိုဘူးလို့ ထင်မြင်မိပါတယ်ဗျာ။
From :
..မောင်ဘကောင်း
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...