နိုင်ငံအတွင်း အင်တာနက် အသုံးပြုသူများကို စောင့်ကြည့်မည့် စပိုင် ဥပဒေကို
ပြဋ္ဌာန်းရန် စီစဉ်နေခြင်း နှင့် ပတ်သက်ပြီး လက်ရှိ နယူးဇီလန်တွင်
အာဏာရနေသည့် ပါတီ၏ Website များကို ဟက်ကာများက လုံးဝ အသုံးပြု၍
မရနိုင်စေရန် ဝိုင်းဝန်း တိုက်ခိုက်နေကြောင်း Reuters သတင်းတွင် ရေးသား
ဖော်ပြထားသည်။
နယူးဇီလန် အစိုးရသည် ဆက်သွယ်ရေး လုံခြုံမှုအဖွဲ့
(GCSB) ကို ပြည်တွင်း အင်တာနက် လုပ်ငန်း များ စောင့်ကြည့်ခွင့်ပေးရန်
ဥပဒေကြမ်း တစ်ခု တင်သွင်းမည်ဆိုသည့် အချက်နှင့် ပတ်သက်ပြီး ပြည်တွင်း၌
မကျေနပ်သည့် အသံများ ထွက်လာခဲ့သည်။
အစိုးရက နိုင်ငံခြားသို့
ဖုန်းခေါ်ဆိုမှုများကို အဓိကထားပြီး စောင့်ကြည့် လိုသည်ဟု ဆိုသော်လည်း
ပြည်တွင်းရှိ နိုင်ငံသားများ အပေါ်တွင်လည်း ထိုဥပဒေ အတည်ပြုလိုက်လျှင်
စောင့်ကြည့်ခွင့် ရသွားမည် ဖြစ်သဖြင့် ကန့်ကွက်နေကြခြင်း ဖြစ်သည်။
အစိုးရသည် ကင်မ် ဒေါ့ကွန်းဆိုသူကို တရားမဝင် ထောက်လှမ်းခဲ့ပြီးနောက် ထို
ဥပဒေကြမ်းကို တင်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကင်မ်သည် Megaupload
အွန်လိုင်း ကုမ္ပဏီကို ထူထောင်ခဲ့သူဖြစ်ပြီး၊ အမေရိကန် အစိုးရက သူ့ကို
မူပိုင်ခွင့်၊ တရားမဝင် ခိုးယူ သုံးစွဲမှုနှင့် ငွေမည်း ခဝါချမှု များကြောင့်
မိမိတို့ နိုင်ငံသို့ လွှဲအပ်ရန် နယူးဇီလန် အစိုးရကို တောင်းခံနေ ခဲ့သည်။
နယူးဇီလန်နိုင်ငံအတွင်းရှိ Anonymous ဆိုသည့်အဖွဲ့က ယခု
တိုက်ခိုက်နေခြင်းမှာ မိမိတို့ ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အမျိုးသား
ပါတီက ထူထောင်ထားသည့် Website ၁၄ ခုကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊
ယင်းအထဲတွင် ဝန်ကြီးချုပ် ဂျွန်ကေးနှင့် ဘဏ္ဍာရေး ဝန်ကြီး ဘီလ်အင်္ဂလိပ်တို့၏
Website များလည်း ပါဝင်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ယခုအစိုးရက
ပြဋ္ဌာန်းရန် ပြင်ဆင်နေသည့် ဥပဒေကို ရှေ့နေများကလည်း အပြင်းအထန်
ဆန့်ကျင်လျက်ရှိပြီး အခြား အင်တာနက်နှင့် ပြည်တွင်း အဖွဲ့အစည်းများကလည်း
ကန့်ကွက်ကာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြရန် လှုံ့ဆော်နေကြကြောင်း Reuters က
ရေးသားထားသည်။
From :
..the voice
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...