Pages

Wednesday, September 18, 2013

အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသူများကို အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ထိန်းသိမ်းရေး စခန်းများသို့ ပို့ဆောင်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တောင်းရမ်းစားသောက်သူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ရဲတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်းနေခြင်းဖြစ်ပြီး တွေ့ရှိပါက နာနတ်တော ထိန်းသိမ်းရေးစခန်းသို့ ဦးစွာပို့ဆောင်စေကြောင်း၊ နာနတ်တောစခန်းရောက်မှ စိစစ်ကာ အချို့ကလေးများအား မိဘများထံ ပြန်လည်အပ်နှံခြင်း၊ အချို့ကလေးများကို လူမှုဝန်ထမ်းသို့ အပ်နှံခြင်းနှင့် အသက် ၁၈ နှစ် အထက်များကို ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ပို့ဆောင်ထိန်းသိမ်းစေခြင်း ဖြစ်သည်ဟု သိရသည်။ ယခုအခါ ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင် ယခင်ထိန်းသိမ်း လူဦးရေ ၃၀ ကျော်မှ ယခုအခါ ၁၀၀ ကျော်အထိ ဖြစ်လာကြောင်း၊ အဆိုပါ တောင်းရမ်းသူများအား နှစ်သိမ့်ဆွေးနွေးခြင်း၊ တောင်းရမ်းစားသောက်ခြင်း မပြုရန် ပညာပေးခြင်းတို့ကို ပြုလုပ်ပြီး ပြန်လွှတ်ပေးသည်ဟု သိရသည်။

"ပထမအကြိမ်တော့ ခေါ်ဆောင်ထိန်းသိမ်းမယ်။ နှစ်သိမ့်ပညာပေး ဆွေးနွေးပြီးတော့ ပြန်လွှတ်ပေးမယ်။ အဲဒီလို ပြန်လွှတ်ပေးပြီးမှ နောက်တစ်ကြိမ် ပြန်တောင်းရင်တော့ ဥပဒေနှင့်အညီ အရေးယူမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အရေးယူရာ၌ အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသောက်သူများ ဖြစ်ပါက ၎င်းတို့အား အရေးယူမည်ဖြစ်ပြီး အသက် ၁၈ နှစ်အောက် မိဘထံ ပြန်လည် အပ်နှံပြီးသူများ ပြန် လည်တောင်းရမ်းခြင်းမျိုး ဖြစ်ပါက တောင်းရမ်းသူများကို အရေးမယူဘဲ မိဘအား အရေးယူမည်ဟု သိရသည်။


From: Myawady News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...