စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အလုံ ရဲစခန်းမှာ သံသယရှိသူ အရပ်သားတဦး
စစ်ဆေးနေဆဲ ကာလအတွင်း သေဆုံး မှုနဲ့ ပတ်သက်ပြီး တာဝန်ကျ ရဲတွေကို
သေမှုသေခင်းဖွင့်ကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မုံရွာ ရဲတပ်ဖွဲ့က
ပြောပါတယ်။
မုံရွာမြို့ ပန်းဘဲတန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ်
ကိုအောင်ဆန်းလင်းကို မိုဘိုင်းဖုန်း တလုံး ပျောက်ဆုံးမှုမှာ
မသင်္ကာမှုနဲ့ဖမ်းဆီးပြီး စစ်ဆေးနေဆဲ ကာလအတွင်း အချုပ်ခန်း ထဲမှာ
သေဆုံးသွားတဲ့အတွက် တာဝန်ကျ ရဲဝန်ထမ်းတွေ အခုလို
ပြန်ပြီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။
မိုဘိုင်းဖုန်း ပျောက်ဆုံးမှု သံသယနဲ့ သွားရောက်ဖမ်းဆီးတဲ့ အချိန်မှာ
ကိုအောင်ဆန်းလင်း အိမ်မှာ မရှိတဲ့ အတွက် ရဲတွေက ဇနီးဖြစ်သူနဲ့ အသက် ၁၀
နှစ်ဝန်းကျင် ကလေး ၂ ဦးကိုပါ စခန်းကို ဖမ်းဆီးခေါ်ဆောင် သွားပြီး
စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
သေဆုံးသူ ကိုအောင်ဆန်းလင်းရဲ့ ဇနီး မတင်နွဲ့က “(စက်တင်ဘာ) ၁၃ ရက်နေ့ ညနေ ၆
နာရီလောက်ကျ တော့ အလုံရဲစခန်း ရဲအရာရှိတဦးက ကျမအိမ်သားကို
ပြန်လွှတ်မယ်ဆိုပြီး လာခေါ်ပါတယ်။ လိုက်သွားပြီး ဟိုရောက်တော့
ကိုအောင်ဆန်းလင်းက အချုပ်ခန်းထဲမှာ ဆုံးနေပြီ။ ရဲစခန်းကတော့ သူအရက်သောက်
များပြီး အသည်းက ဝါပြီးကြီးနေတာလို့ ပြောပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
ကိုအောင်ဆန်းလင်းဟာ အရက်သောက်တတ်သူ ဖြစ်ပေမယ့် ရောဂါ ကြီးကြီးမားမား
ကြုံတွေ့ဖူးခြင်းတော့ မရှိသေးကြောင်း၊ အခုသူသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့လည်း
ကျန်ရစ်သူ မိသားစုအနေနဲ့ မသိ နားမလည်တဲ့အတွက် တိုင်တန်းတာတွေလည်း
မလုပ်ကြောင်း သိရပါတယ်။
မုံရွာမြို့ အမှတ် (၁) ရဲစခန်း ရဲအရာရှိတဦးက “သေသွားတဲ့ အကြောင်းနဲ့
ပတ်သက်ပြီးတော့ သေမှုသေခင်းနဲ့ အဲဒီနေ့က တာဝန်ကျတဲ့ ရဲရော၊ အဲဒီမှာ
ကင်းကျတဲ့ အဖွဲ့ရောကို စစ်နေတာ” လို့ ဧရာဝတီကို ပြောပါတယ်။
ကိုအောင်ဆန်းလင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး မုံရွာဆေးရုံကြီးရဲ့
ဆေးစစ်ချက်ကိုလည်း တောင်းခံထားတယ် လို့ ရဲအရာရှိက ဆက်ပြောပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့ မြို့မရဲစခန်းက သေမှုသေခင်း
အမှတ်စဉ် ၁၇/၂၀၁၃ ဖွင့်လှစ်ထားပြီး အလုံ ရဲစခန်းမှူး မိုးကျော်အောင်က
တရားလိုအဖြစ်ပြုလုပ်ကာ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်က
အမှုစစ်အဖြစ် ဆောင်ရွက်နေကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အလုံရဲစခန်းကို တိုက်ရိုက် ဆက်သွယ်ခဲ့ရာမှာ
ကိုအောင်ဆန်းလင်း အလုံ အချုပ်ခန်းထဲ မှာ သေဆုံးမှု မှန်ကန်ကြောင်း
ပြောဆိုခဲ့ပေမယ့် ဖြစ်စဉ်အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆိုပါတယ်။
မသင်္ကာမှုနဲ့ ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်ယူ စစ်ဆေးရင်းနဲ့ သေဆုံးသွားမှုဟာ
သံသယဖြစ်စရာ ကောင်းတယ်လို့ Equality Myanmar လူ့အခွင့်အရေး အဖွဲ့ရဲ့
ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီကို ပြောပါတယ်။
“လူတယောက်က သက်သေ အထောက်အထား ခိုင်လုံမှု မရှိမချင်း အဲဒီလူက
အပြစ်မရှိဘူးလို့ ကျနော် ပြောလေ့ရှိပါတယ်၊ ဒါကလည်း
အခြေခံလူ့အခွင့်အရေးထဲမှာ ပါပြီးသားပဲ။ အဲလိုမျိုး လူတယောက်ကို
ရဲစခန်းထဲမှာ စစ်ဆေးရင်းနဲ့ သေဆုံးသွားတော့ ဆိုးရွားတဲ့အဆင့်တခုပေါ့” လို့
ဆိုပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး သွေးရိုးသားရိုး သေဆုံးခြင်း ဒါမှမဟုတ်
နှိပ်စက်ခံရပြီး သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို အမြန်ဆုံး တရားရုံးတင်ပြီး
သေမှုသေခင်း ဖွင့်သင့်သလို ဆရာဝန်ရဲ့ ဆေးစာ ထွက်ဆိုချက်ကို လည်း
စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းကလည်း ပြောပါတယ်။
ကိုအောင်ဆန်းလင်းနဲ့ တရက်ကွက်ထဲ နေထိုင်သူ တဦးက “ရက်ကွက်ထဲမှာ မှတ်ကြီးက
သူ့ဖုန်းပျောက် တယ်ဆိုပြီးတော့ ရဲကိုတိုင်တော့ ရဲကလာဖမ်းတာ။ ခိုးတာက
ဘယ်သူမှန်းမသိဘူး၊ ရဲက ကလေးတွေကအစ ဖမ်းခေါ်သွားပြီး စစ်တာ။ နောက်ဆုံး
အောင်ဆန်းလင်းကို လာဖမ်းတုန်းကလည်း ထုထောင်းပြီး ဖမ်းသွား တာ”လို့
ဧရာဝတီကို ပြောပါတယ်။
ကိုအောင်ဆန်းလင်း သေဆုံးချိန်မှာ ကလေး ၅ ယောက်နဲ့ ဇနီးဖြစ်သူ မတင်နွဲ့တို့
ကျန်ခဲ့တယ်လို့ သိရပါ တယ်။
အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အပြစ်မရှိတဲ့ မိသားစုနဲ့ ကလေးတွေကိုပါ
ရဲတွေအနေနဲ့ ဖမ်းဆီးစစ်ဆေးတာ ဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သလို
မြန်မာနိုင်ငံရဲ့ ကလေးအခွင့်အရေး ဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့
ဦးအောင်မျိုးမင်းက ဆိုပါတယ်။
“တရားခံဖြစ်နေဦးတော့ သူနဲ့ပတ်သက်နေတဲ့ မဆိုင်တဲ့ မိသားစု၊ အထူးသဖြင့်
ကလေးတွေကို တခါတည်း ဖမ်းတယ်ဆိုတာကတော့ ဘယ်လိုမှ မလုပ်သင့်တဲ့ အရာဖြစ်တယ်။
ဒါက အပြစ်မရှိတဲ့သူတွေကိုပါ ထိခိုက်စေ တဲ့ အရာမျိုးဖြစ်တယ်။ ကလေးတွေကို
ဒီလိုမျိုးကိစ္စတွေမှာ ဖမ်းဆီး ခေါ်ဆောင်သွားတယ် ဆိုတာက မြန်မာ
နိုင်ငံမှာရှိတဲ့ ကလေးဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်ပါတယ်” လို့
ရှင်းပြပါတယ်။
ဧရာဝတီ

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...