Pages

Wednesday, September 11, 2013

ရွှေတိဂုံဓာတ်လှေကားသစ် တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

ရွှေတိဂုံဓာတ်လှေကားသစ် တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး
ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် အသစ်တည်ဆောက် နေသော ဓာတ်လှေကားသစ် နှစ်စင်း တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း ယင်းစေတီ ဂေါပကအဖွဲ့က သတင်းထုတ်ပြန်သည်။
ယင်းဓာတ်လှေကား နှစ်စင်း တည်ဆောက်မှု အတွက် ဘုရားဖူး ပြည်သူများ လှူဒါန်းသော အလှူငွေသည် ငွေကျပ်သိန်းပေါင်း ၁၁၀၀ ခန့်နှင့် အမေရိကန်ဒေါ်လာ ငါးသောင်းအထိ ရရှိထားပြီး ဓာတ်လှေကားနှစ်စင်း တည်ဆောက်မှုအပြင် ဓာတ်လှေကား အဆောင်တိုးချဲ့ခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်မည်ဖြစ်ရာ ယင်းအတွက် ကုန်ကျငွေသည် ကျပ် ၂၄၂၃ သိန်းခန့်နှင့် အမေရိကန်ဒေါ်လာ တစ်သိန်းခန့် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွှေတိဂုံစေတီသည် တစ်နှစ်ထက်တစ်နှစ် ဘုရားဖူး ရဟန်းရှင်လူများ အပြင် နိုင်ငံခြားသား ခရီးသွားများပါ များပြားလာခြင်းကြောင့် လက်ရှိအသုံးပြုနေသည့် တောင်ဘက်မုခ် ဓာတ်လှေကားဖြင့် မလုံလောက်တော့သည့်အတွက် ယင်းသို့ ဓာတ်လှေကားများကို တိုးချဲ့ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း ယင်းစေတီတော် ဂေါပကအဖွဲ့သည် The Voice ၏ အွန်လိုင်းမှတစ်ဆင့် မေးမြန်းချက်ကို ဖြေကြားသည်။
ယင်းဓာတ်လှေကား တစ်စင်းလျှင် လူ၂၀ ဦး လိုက်ပါ စီးနင်းနိုင်မည်ဖြစ်ပြီး တစ်စီးလျှင် အလေးချိန် ၁၃၅၀ ကီလိုဂရမ် ခံနိုင်ဝန် ရှိကြောင်း ရွှေတိဂုံစေတီ ဝက်ဘ်ဆိုက်တွင် ကြေညာထားသည်။ အဆိုပါ ဓာတ်လှေကား နှစ်စင်းကို ၂၀၁၂ ခုနှစ်ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြီးစီးမည် ဖြစ်ကြောင်း ယင်းစေတီဂေါပက အဖွဲ့က ကြေညာထားသည်။

From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...