မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် မြန်မာတိုင်း (မ်) ဂျာနယ်ကို ထုတ်ဝေနေသည့်
Myanmar Consolidated Media ကုမ္ပဏီကို ဖျက်သိမ်းရန် တရားရုံးသို့
လျှောက်ထားခဲ့မှုကို စက်တင်ဘာလ ၂၆ ရက် နံနက် ၁၁ ခန့်က အနောက်ပိုင်းခရိုင်
တရားရုံးတွင် စတင်၍ ရုံးတင်စစ်ဆေးခဲ့သည်။
အဆိုပါကုမ္ပဏီ၏ အစုရှယ်ယာ
၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ဒါရိုက်တာနှစ်ဦးဖြစ်သူ
ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့က သြဂုတ်လ ၁၂ ရက်နေ့တွင်
ယင်းသို့ လျှောက်ထားခြင်းဖြစ်ပြီး အဆိုပါနေ့တွင် တရားရုံး၌
စတင်ကြားနာခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီ ဖျက်သိမ်းပေးရန်
လျှောက်ထားမှုနှင့် ပတ်သက်၍ အဆိုပါ ကုမ္ပဏီ၏ ဒါရိုက်တာနှစ်ဦးဖြစ်သော
ဦးမင်းစိန်နှင့် မစ္စတာရော့စ်ဒန်ကလီ၏ ရှေ့နေက ကန့်ကွက်ကြောင်း
လျှောက်လွှာကို တရားရုံးသို့ တင်ပြခဲ့ကြောင်း ဒေါက်တာတင်ထွန်းဦး ဘက်မှ
ရှေ့နေများကလည်း အဆိုပါ ကန့်ကွက်သည့် လျှောက်လွာကို နှုတ်ဖြင့် ပြန်လည်
ကန့်ကွက်ခဲ့သည်ဟု ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုး တို့ဘက်မှ
လိုက်ပါ ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သန်းစိုးက The Voice
သို့ ပြောကြားသည်။
ကုမ္ပဏီ ဖျက်သိမ်းရန် လျှောက်ထားမှုကို ကုမ္ပဏီမှ
အကြီးတန်းဝန်ထမ်း ၁၀ ဦးတို့က လက်မှတ်ရေးထိုး၍ တရားရုံးတွင် ကျမ်းကျိန်ကာ
ကန့်ကွက်လွှာ တင်ခဲ့ပြီး တရားရုံးက မှတ်တမ်းအဖြစ် လက်ခံထားရှိကြောင်း၊
ကုမ္ပဏီမှ ဝန်ထမ်းအများစုက ကုမ္ပဏီ ဖျက်သိမ်းရန်ကို မလိုလားသည့်အတွက်
မိမိအပါအဝင် အကြီးအကဲ ၁၀ ဦးက လက်မှတ်ရေးထိုးကာ ကန့်ကွက် တင်ပြခဲ့ခြင်း
ဖြစ်ကြောင်း မြန်မာတိုင်း (မ်) ဂျာနယ်မှ ဒုတိယ စာတည်းမှူးချုပ် ဖြစ်သူ
ဦးဇော်မြင့်က The Voice သို့ပြောကြားသည်။
“ကုမ္ပဏီက အမြတ်ငွေ ရနေပါတယ်၊
ရှုံးလို့ ဖျက်သိမ်းတာက တစ်မျိုးပေါ့။ ကုမ္ပဏီမှာ ဝန်ထမ်း ၃၅၀ ကျော် ရှိတယ်။
ဒီကုမ္ပဏီကို မှီခိုနေတဲ့ မိသားစုဝင်တွေ ထောင်ချီ ရှိတယ်။
ဖျက်သိမ်းလိုက်ရင် ဝန်ထမ်းတွေ ဒုက္ခရောက်သွားမှာပေါ့၊ ဒါကြောင့်
ကန့်ကွက်ရတာပါ” ဟု ၎င်းကရှင်းပြသည်။
ဝန်ထမ်းများ၏ ကန့်ကွက်လွှာမှာ
အမှုနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပြန်လည် ရှင်းပြသော်လည်း ကုမ္ပဏီ
ဖျက်သိမ်းရန် လျှောက်ထားသည့် အကြောင်းရင်းနှင့် ပတ်သက်၍
ဒေါက်တာတင်ထွန်းဦးနှင့် ဒေါက်တာခင်မိုးမိုးတို့ဘက်မှ လိုက်ပါ
ဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်မြင့်က အသေးစိတ်
ပြောကြားခဲ့ခြင်း မရှိပေ။
Myanmar Consolidated Media ကုမ္ပဏီကို
သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလီနှင့် ဦးဆန်နီဆွေတို့က ၂၀၀၀
ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ကြပြီး တပ်မတော် ထောက်လှမ်းရေးအဖွဲ့
ဖျက်သိမ်းပြီးချိန်တွင် ဦးဆန်နီဆွေနှင့်ဇနီး ဒေါ်ယမင်းထင်အောင်တို့၏
အစုရှယ်ယာများကို ပြည်မြန်မာဂျာနယ် ထုတ်ဝေသော ဒေါက်တာတင်ထွန်းဦးနှင့်
ဒေါက်တာဒေါ်ခင်မိုးမိုး တို့ကို ရောင်းချ ပေးခဲ့ရသည်။
ဒေါက်တာခင်မိုးမိုးသည် ဇွန်လ ၂၈ ရက်နေ့က မြန်မာတိုင်း (မ်) ရုံးခန်းသို့
သွားရောက်စဉ် ရုံးနှင့် မသက်ဆိုင်သူများကိုပါ ခွင့်ပြုချက်မရှိဘဲ
ရုံးခန်းအတွင်းသို့ ခေါ်လာသည်ဟုဆိုကာ ကုမ္ပဏီ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို
ပိုင်ဆိုင်ထားသော ရော့စ်ဒန်ကလီက ဒေါက်တာခင်မိုးမိုး၏ လက်မောင်းဆွဲကာ “Get
Out” ဟု ပြောဆိုခဲ့သဖြင့် ကိုယ်ထိလက်ရောက်မှုများ ဖြစ်ပွားခဲ့ပြီး
ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် နှစ်ဖက် အပြန်အလှန်
တရားစွဲဆိုထားကြသည်။
From :
..the voice
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...