ကျွန်တော်တို့ နေထိုင်ရာ လူ့ပတ်ဝန်းကျင်ဆိုတာ တစ်နေ့တစ်မျိုး မရိုးနိုင်သော
ပြဿနာပေါင်း သောင်းခြောက် ထောင်ကို မြင်တွေ့ကြားသိနေရခြင်းမှာ လူ့သဘောသဘာဝ
လို့ ပြောနိုင်ပါတယ်။ တောလက်ကျေးရွာတွေမှာ ဆိုရင် လင်နဲ့မယားရန်ဖြစ်လို့
ခုနှစ်အိမ်ကြားရှစ်အိမ်ကြား ဆဲဆိုအော်ဟစ်သံတွေကြားရ၊ ဟိုဘက်ဆွေမျိုး
ဒီဘက်ဆွေမျိုးပါလာပြီး အုံ့အုံ့ကြက်ကြက်ဖြစ်ကာ ဓလေ့တစ်ခုလို ဖြစ်နေပါပြီ။
ဒါပေမယ့် အချိန်တန်တော့ အဲဒီ လင်မယားနှစ်ယောက် ပြန်ပေါင်းပြီး
အဆင်ပြေသွားကြတာပါပဲ။ နှစ်ဖက်ဆွေမျိုးတွေသာ မျက်နှာတွေပူပြီး မခေါ်
မပြောရဲဖြစ်ကြတာပဲ အဖတ်တင်ပါတယ်။
ဒါပေမယ့် ဖြစ်လေ့ဖြစ်ထမရှိတဲ့
ထောင်ထွက်လူဆိုးတစ်ယောက် ရွာပြန်လာပြီး လူကောင်းအဖြစ် ဟန်ဆောင် ရင်းကနေ
သရုပ်မှန်ပေါ်တတ်တဲ့ သဘောသဘာဝကိုတော့ ရွာတစ်ရွာမှာ ကြုံခဲ့ဖူးပါတယ်။
ကျွန်တော်က နယ်မြို့တစ်မြို့နဲ့ မဝေးတဲ့ ရွာတစ်ရွာမှာ ကျောင်းဆရာအဖြစ်
တာဝန်ကျပါတယ်။ အဲဒီရွာမှာ တစ်ရွာလုံး အော့ကြောလန်တဲ့
လူဆိုးလူမိုက်တစ်ယောက်ရှိတယ်။ မိဘတွေက ကြေးရတက်တွေဆိုတော့ ရွာမှာ အရှိန်အ၀ါ
ရှိတယ်၊ အဲဒီလူမိုက်ကလည်း မိဘမျက်နှာနဲ့ တစ်ရွာလုံး ဘယ်သူ့မှ
လူထင်တာမဟုတ်ဘူး။ တစ်နေ့ အဲဒီ လူမိုက်ဟာ ရွာပြင်က ထန်းတောမှာ
မူးရူးရမ်းကားပြီး လူသတ်မှုဖြစ်လို့ ထောင်ကျသွားတယ်၊ ကံကောင်းချင် တော့
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တယ်။
အဲဒီနောက်ပိုင်း ရွာမှာ
လူကြီးလူကောင်းပုံစံနဲ့ ပြောင်းလဲသွားခဲ့တယ်။ တစ်ရွာလုံး
အံ့အားသင့်ကုန်ကြတာပေါ့။ အဖေဆုံးသွားတော့ အမေကပဲ စီးပွားရေးလုပ်ငန်းတွေကို
ဆက်လုပ်ရင်း ထောင်ထွက်သားကို နေရာပေးတယ်။ ရွာအတွက် အလှူအတန်းတွေလုပ်ပြီး
လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးရာကနေ ရွာမှာ မျက်နှာပွင့် ဂုဏ်တက်ပြီး
သားထောင်ထွက်ကိုလည်း ရွာက လက်ခံလာကြတယ်။ သူ့ကို အမေလုပ်သူက လူဝင်ဆန့်အောင်
ရယ်ဆိုပြီး ရွာက လူမှုရေးအဖွဲ့တစ်ဖွဲ့ထဲမှာ နေရာတစ်နေရာရအောင်
လုပ်ပေးခဲ့တယ်။ အမေ့မျက်နှာနဲ့ တစ်ရွာလုံးက သူ့ကို ယုံကြည်ပြီး
အဲဒီအဖွဲ့ထဲမှာ ငွေထိန်းတာဝန်ပေးလိုက်တယ်။
လအနည်းငယ်ကြာလာတော့
ငွေအလွဲသုံးစားမှုပေါ်လာလို့ စစ်ဆေးလိုက်ရာမှာ အဲဒီလူက ရံပုံငွေတွေကို
ချဲထိုး၊ ဘောလုံးပွဲတွေ လောင်းပစ်လိုက်တာ ကုန်ပါလေရော၊ အမေလုပ်သူက
သူ့မျက်နှာအိုးမဲသုတ်ရပါ့မလားဆိုပြီး သားဖြစ်သူကို အပြစ်တင်တာပေါ့၊
အဲဒီငွေတွေကိုလည်း ပြန်လျော်ပေးမယ်ပေါ့။ ဒါပေမယ့် ရွာကတော့ သူ့ကို
အဲဒီအဖွဲ့ထဲကနေ ထုတ်လိုက်ပါတယ်။ အမေလုပ်သူရဲ့ ရွာအပေါ်ကောင်းခဲ့သမျှဟာလည်း
သဲထဲရေသွန်သလို ဖြစ်ပြီး ရွာရဲ့ယုံကြည်မှုကို မရတော့ပါဘူး။ ဆိုလိုချင်တာက
လူဆိုးလူမိုက်ဆိုတာ ဘယ်လောက်ပဲ လူကောင်း ယောင်ဆောင်ပြီး လိမ္မာပါတယ်
လို့ပြောပြော အချိန်တန်ရင် သရုပ်မှန်ကပေါ်လာတတ်တာ သင်ခန်းစာယူစရာ
ဖြစ်ပါတယ်။
အဲဒီရွာလေးကနေ ကျွန်တော် ၂၀၁၀
ခုနှစ်ရောက်တော့ ခွဲခွာခဲ့ရပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းက မြို့တစ်မြို့ က
အထက်တန်းကျောင်းကို အထက်တန်းပြအဖြစ် ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။
အဖြစ်အပျက်လေး တစ်ခု ဒီမြို့မှာ ထပ်ကြုံရပြန်ပါတယ်။ ကျွန်တော်က
ကျောင်းဆရာဖြစ်နေတော့ နိုင်ငံရေးတွေ စိတ်မ၀င်စားသလို ဘယ်ပါတီအဖွဲ့အစည်း၊
ဘယ်ပုဂ္ဂိုလ်ကိုမှလည်း အစွဲမထားတတ်ပါဘူး။ ကျွန်တော်ပြောချင်တာက လူ့သဘော
သဘာဝကိုပဲ သင်ခန်းစာယူစေချင်တဲ့ ရည်ရွယ်ချက်နဲ့ မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
မြို့သူမြို့သားအားလုံးနီးပါးက
ပုဂ္ဂိုလ်တစ်ယောက်ကို ယုံကြည်ထောက်ခံလိုက်လို့ မြို့နယ်ပါတီတစ်ခုရဲ့
လွှတ်တော်အမတ်ရာထူးထိ ရခဲ့ပါတယ်။ မြို့နယ်အတွက် ဘာတွေ
ဆောင်ရွက်ပေးမယ်ဆိုပြီး အာပေါင်အာရင်း သန်သန်နဲ့ ပြောသွားတဲ့ စကားတွေမှာ
မြို့သူမြို့သားတွေ နစ်မျောခဲ့ကြတယ်။ ဟော. အခု နေရာလည်းရရော
ကိုယ့်မြို့သူမြို့သားတွေကို စော်ကားလိုက်ပြီ၊ ဒီတော့ မြို့သူမြို့သားတွေ
ဆွေ့ဆွေ့ခုန်နေကြပြီလေ၊ အဲဒီ ရာထူးနဲ့ မထိုက်တန်ပါဘူး၊ ရုပ်သိမ်းပေးဖို့
တောင်းဆိုမယ်ဆိုပြီး လက်မှတ်တွေ လိုက်ထိုးနေတာ ကျွန်တော် တွေ့နေရပါတယ်။
မြို့သူမြို့သားတွေက ပင့်ပေးလိုက်လို့ အမြင့်ရောက်သွားကာမှ အောက်ကို တံတွေး
ထွေးတတ်တဲ့အကျင့် ဒါမှမဟုတ် စော်ကားမောက်မာတဲ့ အကျင့်မျိုးရှိတဲ့ လူဖျက်ဟာ
အချိန်တန်တော့လည်း သရုပ်မှန်တွေ ပေါ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
တိုက်ဆိုင်စွာပဲ
ကျွန်တော်တို့ ကျောင်းနားက လက်ဖက်ရည်ဆိုင်မှာ လွန်ခဲ့တဲ့
နှစ်ရက်လောက်ကတည်းက သတင်းထွက်နေတာ ကြားရပြန်ပါတယ်။ ဂျာနယ် တစ်စောင်အတွက်
သိန်း ၁၈၀၀ အလွဲသုံးစားမှုဖြစ်နေလို့ အဖွဲ့ဝင်တွေ အချင်းချင်း တစ်ယောက်အပေါ်
တစ်ယောက် အပြစ်ဖို့နေကြပြီး အဲဒီပါတီအပေါ် ပြည်သူရဲ့ ယုံကြည်မှုတွေလည်း
လျော့သွားပြီလို့ အသံတွေ ထွက်နေပါတယ်။ အဲဒီသတင်းမှန်ခဲ့ရင် အဖွဲ့အစည်းရဲ့
ကိုယ်စား ယုံကြည်လို့ တာဝန်ပေးအပ်တာကို နေရာနဲ့ လုပ်ပိုင်ခွင့်ရရင်
အလွဲသုံးစားလုပ်တတ်တဲ့ သရုပ်မှန်ပေါ် လာတယ်လို့ ပြောနိုင်ပါတယ်။
ကျွန်တော်ပြောခဲ့တဲ့ စကားတွေဟာ
အပြုသဘောသက်သက်ပါ။ ဘယ်သူတစ်ဦးတစ်ယောက် ဘယ်အဖွဲ့အစည်းကိုမှ
ပုတ်ခတ်ဝေဖန်စော်ကားခြင်း ဆန္ဒလုံးဝမရှိပါ။ ကျွန်တော်တို့က ကြားနေလူတန်းစား
အစိုးရကျောင်းဆရာ တစ်ဦးသာ ဖြစ်ပါတယ်။ ဒါပေမယ့်
ကိုယ့်နိုင်ငံကောင်းစားတာကိုတော့ မြင်ချင်တွေ့ချင် ပါတယ်။ ဒီတော့
ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်မှာ နိုင်ငံကိုကောင်းအောင် လုပ်ပေးနိုင်တဲ့
ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အများကြီး လိုအပ်နေပါပြီလို့ မြင်မိပါတယ်။
အများစု အထင်ကြီးနေတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ ဆိုတာကလည်း
အချိန်တန်တော့ သရုပ်မှန်တွေ ပေါ်လာတတ်တာ တွေ့ရပါတယ်။ ဒါဆိုရင်
အများပြောနေတဲ့ ၂၀၁၅ ခုနှစ်အတွက် ဘယ်သူ၊ ဘယ်အဖွဲ့အစည်းတွေ
တာဝန်ယူနိုင်မလဲဆိုတဲ့ အဖြေဟာ လည်း အင်မတန်အရေးကြီးလာပါပြီ။ နေရာနဲ့
လုပ်ပိုင်ခွင့်ရရင် တိုင်းပြည်ကိုတောင် ရောင်းစားမယ့် လူတွေ လက်ထဲ မှာတော့
ကျွန်တော်တို့တွေရဲ့ အနာဂတ်ကို ၀ ကွက် မအပ်ချင်တာအမှန်ပါ။
အချိန်တန်လို့ သရုပ်မှန်တွေ
ပေါ်လာပြီ… အထက်မှာပြောခဲ့သလို ထောင်ထွက် လူမိုက်ကို ငွေထိန်းထားမိလို့
အလွဲသုံးစားဖြစ်တာက ငွေလျော်ခိုင်းပြီး အဖွဲ့ထဲက ထုတ်ပစ်လို့ရတယ်၊ ရွာလည်း
မနစ်နာပါ၊ ကောင်းမယ် ထင်လို့ အများက ၀ိုင်းပြီး ထောက်ခံပေးခဲ့တဲ့
ပုဂ္ဂိုလ်ကို မကျေနပ်လို့ ရာထူးတွေ ပြန်ရုပ်သိမ်းပေးပါလို့ တောင်းဆိုတာကလည်း
အဲဒီပုဂ္ဂိုလ်ပဲ နစ်နာရုံကလွဲပြီး မြို့နယ်တစ်ခုလုံး မနစ်နာနိုင်ပါ၊
ဒါပေမယ့် နိုင်ငံ တစ်ခုလုံးကို အကျင့်စာရိတ္တမကောင်းတဲ့ အဖွဲ့အစည်းတွေ
လက်ထဲမှာ ယုံယုံကြည်ကြည် အပ်မိလို့ မှားသွား ရင်တော့
တိုင်းသူပြည်သားအားလုံးအတွက် နစ်နာဆုံးရှုံးမှုကြီးမားပြီး ဘ၀ပါ ပျက်ရမှာပါ၊
ဒီတော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကို အားကိုးယုံကြည်ရမလဲဆိုတဲ့ အဖြေကို
ကိုယ်တိုင်အသိတရား ကိုယ်စီနဲ့ လေးလေးနက်နက် စဉ်းစားပြီး ဆုံးဖြတ်ဖို့
လိုအပ်နေပြီဖြစ်ကြောင်း အကြံပြုလိုက်ခြင်း ဖြစ်ပါတယ်။
www.MyanmarExpress.net
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...