Pages

Monday, September 9, 2013

မိတ်္ထီလာ NLD အမတ်ကို ရာထူးရုပ်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမည်

ဒေသခံများဘက်မှ ရပ်တည်မပေးဆိုသည့် စွပ်စွဲချက်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မိတ်္ထီလာမြို့နယ် အောက် လွှတ်တော်အမတ် ဦးဝင်းထိန်ကို အမတ် ရာထူးရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြသွား မည်ဟု ထိုအရေးကိုဦးဆောင်လှုပ်ရှားနေသည့် မိတ္ထီလာမြို့ခံ မကြည်ကြည်အေးက ပြောသည်။

ထိုအမတ်ကို ရာထူးရုပ်သိမ်းရေး တောင်းဆိုရန် စက်တင်ဘာ ၇ ရက်ကစတင်ဆော်သြခဲ့ရာ နှစ်ရက်အတွင်း လက်မှတ်ရေးထိုးပေးသူ ၁၀၀၀ ကျော်ရှိကြောင်း၊ ၁၀ ရက်အတွင်း ရွေးကောက်ပွဲကော်မရှင်ထံတင်ပြမည်ဟုလည်း သူက ဆက်ပြောသည်။

မိထ္ထီလာမြို့တွင် ပြီးခဲ့သည့်မတ်လနှောင်းပိုင်းက အမြင်မတူသော လူအုပ်စုများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ ထိုအချိန်က ပြုမူခဲ့သော မြို့ခံလူထု၏ လုပ်ရပ်နှင့်ပတ်သက်၍ ဦးဝင်းထိန်က “မိတ္ထီလာသား တစ်ယောက်ဖြစ်ရတာ ရှက်တယ်” ဟု သတင်းဂျာနယ်တစ်စောင်ကို ပြောကြားခဲ့သဖြင့် ထိုအချက်သည် “အဓိကအကျဆုံး မကျေနပ်ချက်”ဖြစ်သည်ဟု မကြည်ကြည်အေးကဆိုသည်။

သို့သော် လွှတ်တော်အမတ် ဦးဝင်းထိန်ကမူ မိတ္ထီလာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မြို့သားများ၏ အကြမ်းဖက်မှု များကို ကိုယ်တိုင်မျက်မြင်တွေ့ရှိရသည့်အတွက် ထိုသို့ပြောဆိုခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။

ဒေသခံများက အမတ်ဦးဝင်းထိန်ကို မိတ္ထီလာမြို့သားများဘက်မှ ရပ်တည်မပေးဟူသည့် အကြောင်းပြချက်ဖြင့် ရာထူးမှရုပ်သိမ်းပေးရန် ရွေးကော်ပွဲကော်မရှင်ထံ လက်မှတ်ထိုးတင်ပြမည်ဟုဆိုကြသည်။ သို့ သော်အခြေခံဥပဒေ ပုဒ်မ ၃၉၆ တွင် အမတ်တစ်ဦးသည် နိုင်ငံ့ကျေးဇူးသစ္စာဖောက်လျှင်၊ အခြေခံဥပဒေကို ချိုးဖောက်လျှင်၊ အကျင့်သိက္ခာ ပျက်ပြားလျှင်၊ အမတ်အရည်အချင်း ပျက်ယွင်းလျှင်၊ ဥပဒေအရပေးထား သည့် တာဝန်မကျေပွန်လျှင်မှသာ ရာထူး ရုပ်သိမ်းခံရမည်ဟု ပြဌာန်းထားသည်။

သို့သော် အမတ်ကိုမဲပေးခဲ့သည့် ပြည်သူများ၏ တစ်ရာခိုင်နှုန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်တန်းလာလျှင်မူ ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းရမည်ဖြစ်ပြီး စွပ်စွဲခံရသူ အမတ်ကိုလည်း ချေပခွင့်ပေးရမည်ဟု အခြေခံဥပဒေတွင် ဆက်လက်ပြဌာန်းထားသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစဉ်က အမတ်ဦးဝင်းထိန်ကို မဲဆန္ဒရှင် ၆၈၀၀၀ ကျော်က ထောက်ခံမဲပေးခဲ့သည်ဟု ကာယကံရှင်က မဇ္ဈိမကိုအတည်ပြု ပြောကြားသည်။

ဒေသခံများ၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ဦးဝင်းထိန်က “ကျောင်းတွေ ဘတ်ဂျက်ရအောင် ကျွန်တော် လုပ်ပေးတာပဲ။ အခုလမ်းတွေ စည်ပင်ကို ကျွန်တော်သွားပြောတဲ့အတွက် ကောင်းသွားပြီ။ အဲ့ဒါတွေ သူတို့ မသိဘဲနဲ့ ဘာကြောင့် တာဝန်မကျေလည်းပြောတာတော့ ကျွန်တော်နားမလည်နိုင်ဘူး” ဟုဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနားက မိတ္ထီလာသို့ရောက်ရှိစဉ် မြို့ခံများက လူအုပ်စုဖြင့် ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြသည့်လုပ်ရပ်နှင့်ပတ်သက်၍ အောက်လွှတ်တော်အ မတ်ဦးဝင်းထိန်က မီဒီယာ များ၌ မှတ်ချက်ပြုခဲ့သည့် စကားများနှင့် ပတ်သက်၍လည်း ဒေသခံများက မကျေနပ်မှုများ ရှိခဲ့သည်။

မိတ်္ထီလာမြို့သားများက လူအင်အား ၁၀၀ ဖြင့် လွှတ်တော်အမတ် ဦးဝင်းထိန်ကို ယခုလ ၅ ရက်က၌ ဆန္ဒပြရန် စီစဉ်ခဲ့သေးသော်လည်း မတည်ငြိမ်မှုများ ထပ်ဖြစ်မည် စိုးသောကြောင့်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုခဲ့ပေ။


From: Mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...