Pages

Tuesday, September 24, 2013

ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ ကျင်းပနေချိန်တွင် SSPP/SSA တပ်ဖွဲ့ဝင်များမှ ရွာထဲသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း နမ္မတူမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးမှပြောကြား

ဓါတ်ပုံ- ဧရာဝတီ
နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ
ကျင်းပနေချိန်တွင် နမ္မတူမြို့နယ်ဘက်တွင်  SSPP/SSA တပ်ဖွဲ့ဝင်များမှ ဆက်ကြေးကောက်ခြင်း၊ 
လူသစ်စုခြင်းများအပါအ၀င် နယ်မြေစိုးမိုးရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများအား 
ချောင်းမြောင်းပစ်ခတ်နေသောကြောင့် ဒေသခံများမှ စိုးရိမ်ပူပန်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ 
ကျင်းပနေချိန်တွင် ပွဲကျင်းပရေး ကော်မတီ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ 
(SSPP/SSA) တပ်ဖွဲ့များနှင့် တပ်မတော်တို့ ရှမ်းပြည်နယ် နမ္မတူမြို့နယ်ရှိ မိုင်းရင်ကျေးရွာ၌ တိုက်ပွဲများ 
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲများမှာ စက်တင်ဘာ ၁၇ ရက်က စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် 
ယုံကြည်မှု တည်ဆောက်ခြင်း နောက်ဆုံးနေ့ဖြစ်သည့် စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် 
ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''စက်တင်ဘာ ၁၇ ရက်က ရှမ်းတပ်ဖွဲ့က ဒီရွာကို ဆက်ကြေးကောက်၊ လူသစ်စုဖို့ ရောက်လာတယ်။ 
လမ်းမှာ အစိုးရ စစ်တပ်တွေနဲ့ တွေ့ခဲ့ပြီး ဘာမှမဖြစ်ခဲ့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ အဲဒီညနေပိုင်းမှာ 
တပ်မတော်ကို စပစ်တယ်လို့ ပြောတယ်။ ရှမ်းအဖွဲ့ဘက်က တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာ ရသွားတယ်လို့ 
ကြားရတယ်။ ၁၉ ရက်ကျတော့ အစိုးရတပ်က ရွာထဲရောက်လာတယ်။ ရွာထိပ်က ဘုန်းကြီးကျောင်းမှာ 
စခန်းချတယ်။ ဒေသခံရွာသားတွေကို ဆေးကုပေးတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးတယ်။ ရှမ်းအဖွဲ့ကတော့ ရွာထဲက ထွက်သွားပြီး ရွာပြင်က တောထဲမှာ ရှိတယ်။ 
ဒီနေ့နံနက် ၅ နာရီလောက်မှာတော့ တိုက်ပွဲဖြစ်တယ်။ ပြီးခဲ့တဲ့ နာရီဝက်လောက် အထိကို 
လက်နက်ကြီးတွေနဲ့ ပစ်နေသံ ကြားရတယ်။ တပ်မတော် စစ်ကြောင်းက ရွာထဲမှာဆေးကုပေးနေတော့ 
ရွာထဲကိုလည်း လက်နက်ကြီးတွေ ကျတယ်။ ရွာသူရွာသား တွေတော့ အခုအချိန်အထိ ဘာအထိ အခိုက်မှ မရှိဘူးလို့ ကြားရတယ်။ ရွာသူရွာသား တွေကတော့ အပစ်အခတ်ကို နှစ်ဖက်လုံး ရပ်စေချင်ကြတယ်..'' ဟုမိုင်းရင်ကျေးရွာတွင် ရောက်ရှိနေသော နမ္မတူမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) 
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ
ကျော်ခန့်က ပြောကြားသည်။
ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) သည် အစိုးရသစ် တက်လာပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်ပါ လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း သိရပြီး ယင်းနောက်ပိုင်းတွင်လည်း လူသစ်စု၊ 
ဆက်ကြေးကောက်မှုများ ရှိနေဆဲဖြစ်ပြီး တပ်မတော်နှင့် လက်ရှိ အချိန်အထိ တိုက်ပွဲပေါင်း ၁၀၀ 
ကျော်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
''ဒီလိုမျိုး ဖြစ်တာတော့ ဘယ်ကောင်း မလဲပေါ့နော်။ သမ္မတကြီးကလည်း အောက်တိုဘာမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်မယ်လို့ ပြောနေတယ်။ ဒါပေမဲ့ အခုလို လုပ်တာကျတော့ သူတို့ဘက်က ကတိ မတည်တဲ့ သဘောမျိုး ဖြစ်နေတာပေါ့'' ဟု အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်မှ အရာရှိတစ်ဦးကလည်း Elevenသို့ ပြောကြားသည်။
ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ယုံကြည်မှု တည်ဆောက်နေသည့်ပွဲ ကျင်းပနေချိန်အတွင်း ယခုကဲ့သို့ ဖြစ်ပွားနေသည့်အပေါ် ရှုတ်ချကြောင်း ကယန်းပြည်သစ်ပါတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က ငြိမ်းချမ်းရေးအတွင်း ယုံကြည်မှုတည်ဆောက်ခြင်းပွဲအပေါ် နိဂုံးချုပ်စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
 
From : .... Eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...