Pages

Saturday, June 15, 2013

ဘာမမပြောင်းလဲဟု ငုတ်တုတ်ထိုင်ကာ ဒေါ်စု အော်နေသော်လည်း သမ္မတကြီးဦးသိန်းစိန်၏ ကြိုးစားမှုကြောင့် ဥရောပသမဂ္ဂ မှ မြန်မာနိုင်ငံအတွက် အထူးအခွန်သက်သာခွင့် ရရှိ

ဖွံ့ဖြိုးဆဲနိုင်ငံများကို ဥရောပသမဂ္ဂ (EU) ကပေးအပ်သော ပို့ကုန် ပစ္စည်းများအတွက် အထူးအခွန် သက်သာခွင့် (GPS-Generalized Scheme of Preferences) အား မြန်မာနိုင်ငံကို ပြန်လည်ပေးအပ် ကြောင်း ဥရောပ သမဂ္ဂဥက္ကဋ္ဌနှင့် ဥရောပ လွှတ်တော် ဥက္ကဋ္ဌတို့က ဇွန်လ ၁၂ ရက်နေ့ က လက်မှတ်ရေးထိုး လိုက်သည်။

အဆိုပါ အထူးအခွန် သက်သာခွင့် GSP ပြန်လည် ပေးအပ်ရခြင်းသည် နှစ်ပေါင်းများစွာ သီးခြား ရပ်တည်နေခဲ့ရာမှ ပြုပြင် ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ လုပ်ဆောင်လာသော မြန်မာနိုင်ငံ အစိုးရကို အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ကြောင်း လက်မှတ် ရေးထိုးပြီးနောက် ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

GSP ရရှိပါက အခွန်နှုန်း သက်သာစွာဖြင့် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံသို့ ပြည်တွင်း ထွက်ကုန်ပစ္စည်းများကို တင်ပို့နိုင်မည် ဖြစ်ကြောင်း EU က သတင်းထုတ်ပြန်သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ် မတိုင်ခင်အထိ အဆိုပါ အထူး အခွန်သက်သာခွင့် GSP ကို ပေးအပ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် မြန်မာအစိုးရ၏ အဓမ္မ လုပ်သားစေခိုင်းမှု များကြောင့် ပြန်လည် ပိတ်ပင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂ၏ ပိတ်ပင်မှုများတွင် လယ်ယာ ထွက်ကုန်များနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်း ထွက်ကုန် နှစ်မျိုးစလုံး ပါဝင်ခဲ့သည်။ ယင်းသို့ GSP ပြန်လည် ရရှိချိန်တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသို့ ကုန်ပစ္စည်း တင်ပို့နိုင်ရန် အတွက် ပြည်တွင်း ထွက်ကုန်များကဏ္ဍ၊ ပြည်တွင်းပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ၏ အခြေအနေနှင့် နိုင်ငံ၏ ကုန်သွယ်ရေး မူဝါဒဆိုင်ရာ အထောက်အပံ့ ပေးနိုင်မှု အခြေအနေကို ခြုံငုံ သုံးသပ် သင့်ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို The Voice သို့ ပြောကြားသည်။


EU က မြန်မာနိုင်ငံ ကဲ့သို့ပင် အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများသို့လည်း အလားတူ GSP ပေးအပ်လျက် ရှိသောကြောင့် ကုန်ထုတ်လုပ်မှုအတွက် ကုန်ကျသည့် အသုံးစရိတ်နှင့် ကုန်ပစ္စည်း အရည် အသွေးတို့သည် ယှဉ်ပြိုင်နိုင်စွမ်း ရှိရမည် ဖြစ်ပြီး ဈေးကွက် လိုအပ်ချက် (ဝယ်လိုအား) ကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်း ပေးနိုင်စွမ်း ရှိရန်လည်း အရေးကြီး ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

EU က မြန်မာအပေါ် နှစ်ပေါင်းများစွာ ပိတ်ဆို့ခဲ့မှုများ ပြုလုပ်ခဲ့သောကြောင့်
 ဈေးကွက် ရှာဖွေရန် အခက်အခဲများ ရှိနေပြီး အဆိုပါ အခွန်သက်သာခွင့် ရရှိပါကလည်း ပြောင်းလဲမှုများ ချက်ချင်းရနိုင် မည် မဟုတ်ဘဲ မြန်မာနိုင်ငံ ရေလုပ်ငန်းကဏ္ဍ အတွက်လည်း ကုန်ကြမ်း ရှားပါးမှုများ ရှိနေ သောကြောင့် ကုန်ပစ္စည်းများ တင်ပို့ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရွှေယမုံ ကုမ္ပဏီပိုင်ရှင် ဦးထွန်းအေးက ရှင်းပြသည်။

ထင်သာမြင်သာ ရှိသည့် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို အသိအမှတ် ပြုသည့် အနေနှင့် လက်နက် အရောင်းအဝယ်မှအပ မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေး၊ ဘဏ္ဍာရေး ပိတ်ဆို့မှု အားလုံးကို ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပသော EU နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး တွင် အပြည့်အဝ ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး အဖြစ် Mr.Roland Kobia ကို ယခုလ အစောပိုင်းတွင် ခန့်အပ်ခဲ့သည်။


The voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...