Pages

Wednesday, June 26, 2013

ထားဝယ်စီမံကိန်း တစ်နှစ်အတွင်း ဂျပန် ဝင်ရောက်မည်ဟုဆို

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို အဓိက တာဝန်ယူထားသော အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ငွေကြေးမလောက်ငမှု၊ အချိန်ကြန့်ကြာမှုတို့ကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ ပူးတွဲကော်မတီက ဂျပန်နိုင်ငံ ပါဝင်လာရေး ဖိတ်ခေါ်ထားပြီး
တစ်နှစ်အတွင်း တရားဝင် ပါဝင်လာမည်ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က The Voice သို့ ပြောကြား သည်။

ထားဝယ်စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်လာရေးအတွက် သုံးနိုင်ငံ ပူးပေါင်း ဆွေးနွေးလျက်ရှိပြီး မြန်မာနိုင်ငံအတွက် ပိုမို အကျိုးရှိစေမည့် စီမံကိန်းဖြစ်စေရန် အသေးစိတ် လေ့လာ သုံးသပ်မှုများ ပြုလုပ်ပြီးမှသာ ဂျပန်နိုင်ငံ ပါဝင်လာမည်ဖြစ်ကြောင်း ဦးဆက်အောင်က ဆိုသည်။

ထားဝယ် စီမံကိန်း တစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနှင့် အထက် ကုန်ကျမည်ဟု ခန့်မှန်းသော်လည်း စီမံကိန်း စတင် အကောင်အထည် ဖော်ရာတွင် ကုန်ကျစရိတ်ကို လျှော့ချနိုင်မည့် နည်းလမ်း များရှိကြောင်း ဦးဆက်အောင်က ရှင်းပြသည်။

ယင်းစီမံကိန်းကို မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရ ပူးပေါင်း ကော်မတီဖွဲ့၍ ကြီးကြပ်မည်ဖြစ်ပြီး အီတာလျံ-ထိုင်း ကုမ္ပဏီက စီမံကိန်းကို အဓိက အကောင်အထည်ဖော်ရန် ယခင်က သဘောတူထားသော်လည်း ယခုအခါ စီမံကိန်းကို လမ်းဖောက်ခြင်း၊ ဆိပ်ကမ်း တည်ဆောက်ခြင်း စသည့် လုပ်ငန်း ကဏ္ဍအလိုက် တင်ဒါများ ခေါ်ယူသွားမည်ဖြစ်ကြောင်း ထားဝယ် စီးပွားရေး ဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။

စီမံကိန်း အကောင်အထည်ဖော်ရန် ကုမ္ပဏီအသစ်များကို ထပ်မံ ဖိတ်ခေါ် သွားမည်ဖြစ်ကာ အီတာလျံ-ထိုင်း ကုမ္ပဏီသည် ယင်းလုပ်ငန်း ကဏ္ဍများတွင် ရှယ်ယာရှင်အဖြစ် ဆက်လက်ရှိသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...