Pages

Thursday, June 27, 2013

ကျောင်းခေါ်ချိန် မပြည့်သည့် ကျောင်းသားကို စာမေးပွဲဖြေခွင့်ပေးသည့် ဆရာ၊ ဆရာမများ အရေးယူခံရမည်

ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီခြင်းမရှိသည့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများကို စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်ပြုသည့် ဆရာ၊ ဆရာမများအား ရာထူးလျှော့ချသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။
“ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်အောင် ကျောင်းတက်ရပါမယ်။ စာမေးပွဲ မဖြေခင်လအထိတော့ ကျောင်းမတက်ကြတာ မှန်ပေမယ့် အောက်တိုဘာ၊ နိုဝင်ဘာလအထိ ကျောင်းခေါ်ချိန်မှန်ပြီး ၇၅ ရာခိုင်နှုန်း ပြည့်နေတဲ့ ကျောင်းသားက စာမေးပွဲဖြေခွင့် ရှိတယ်။ တချို့ကျောင်းသားတွေ ၇၅ ရာခိုင်နှုန်း မပြည့်ဘဲ ၆၀ တို့၊ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှိနေတာ စစ်ဆေးတွေ့ရရင် ပြန်ပြီး ပယ်ဖျက်ရတာတွေ ရှိတယ်” ဟု အဆိုပါ အဆင့်မြင့်အရာရှိက ပြောသည်။ တချို့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားများသည် ကျောင်းများထက် ကျူရှင်များကို ဦးစားပေး တက်ရောက်ကြပြီး ကျောင်းခေါ်ချိန် ပြည့်မီရန် ဆရာ၊ ဆရာမများနှင့် နားလည်မှုယူကာ စာမေးပွဲ ဝင်ရောက် ဖြေဆိုခြင်းများ ရှိနေသည့်အပေါ် အဆိုပါအရာရှိကြီးက ညွှန်းဆိုပြောကြားလိုက်ခြင်း ဖြစ်သည်။ “တချို့ကျောင်းသား တစ်ယောက်စ၊ နှစ်ယောက်စတော့ ရှိကောင်းရှိမယ်။ နယ်တွေမှာတော့ ဒီလိုမျိုးတွေ မရှိကြဘူး။ အဲဒီလိုမျိုး ကျောင်းသားနဲ့ ဆရာကြား မသမာမှုတို့၊ ဘက်လိုက်မှု၊ လာဘ်စားမှုတွေကို စစ်ဆေးတွေ့ရှိရရင် ပြစ်မှုကျူးလွန်တဲ့ အတိုင်းအတာအထိ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းကို ပြောင်းရွှေ့မိန့်ကနေ ရာထူးချတဲ့အထိ အပြစ်ပေးခံရမယ်” ဟု ယင်းအဆင့်မြင့် အရာရှိက ဆက်လက်ပြောသည်။ ယင်းကျောင်းခေါ်ကြိမ် ပြည့်မီခြင်း မရှိသည့် ကိစ္စရပ်များသည် ယခင်ကတည်းက ရှိနေပြီး ယခုအချိန်တွင်လည်း ဆက်လက်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

 .. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...