Pages

Thursday, June 27, 2013

မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းဖုန်း တိုးချဲ့ရေးတင်ဒါ တရုတ်ဟွာဝေး ကုမ္ပဏီရရှိ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ပြည်တွင်း မိုဘိုင်းဖုန်းလိုင်းများ တိုးချဲ့ဆောင်ရွက်ရန် ပူးပေါင်း ဆောင်ရွက်မည့် တင်ဒါအတွက် တရုတ်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေးနှင့် မိုဘိုင်းဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီ ဟာဝေး (Huawei) ကို ရွေးချယ်လိုက်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး၏
ယင်းမိုဘိုင်းဖုန်းလိုင်းများ တိုးချဲ့ဆောင်ရွက်ရေး တင်ဒါကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်သွယ်ရေး ကုမ္ပဏီကြီးများဖြစ်သော ဆွီဒင် အခြေစိုက် Errison ဆက်သွယ်ရေး ကုမ္ပဏီ၊ ဖင်လန်နိုင်ငံ အခြေစိုက် နာမည်ကျော် Nokia ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ZTE တို့လည်း ဝင်ရောက်လျှောက်ထားခဲ့ကြပြီး ၎င်းတို့ထဲမှ Huawei ကုမ္ပဏီ အား ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ Huawei ကုမ္ပဏီသည် တရုတ်နိုင်ငံ ဂန်ဒေါင်းပြည်နယ်တွင် အခြေစိုက်ပြီး တစ်ကမ္ဘာလုံးသို့ ဆက်သွယ်ရေး ဆက်စပ်ပစ္စည်းများကို တင်ပို့ရောင်းချနေသော ကုမ္ပဏီကြီး တစ်ခု ဖြစ်သည်။ မြန်မာပြည်တွင်းတွင် ဈေးနှုန်း သက်သာသော Android စမတ်ဖုန်းများကို တင်ပို့ရောင်းချ လျက်ရှိသော ယင်း Huawei ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ဆက်သွယ်ရေး ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှုနှင့် ပြုပြင်ပေးမှုတို့ကို ဝန်ဆောင်မှု ပေးလျက်ရှိပြီး ကမ္ဘာ့အကြီးဆုံး တယ်လီကွန်း အော်ပရေတာ ၄၅ ခုကို ၎င်းဆက်စပ် ပစ္စည်းများဖြင့် အဓိက ထောက်ပံ့ပေးလျက် ရှိသည်။ ပုဂ္ဂလိက ဆက်သွယ်ရေး လုပ်ငန်းများကို မကြာမီ လုပ်ကိုင်ခွင့် တရားဝင် ချထားပေးတော့မည်ဖြစ်ရာ မြန်မာ့ဆက်သွယ်ရေး MPT သည် ဝန်ကြီးဌာန ထိန်းချုပ်မှုနှင့် အစိုးရဘတ်ဂျက် ချပေးမှုမှ ကင်းလွတ်ကာ ကိုယ်ပိုင်ကော်ပိုရေးရှင်း တစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းလျက်ရှိပြီး မကြာမီ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု အနေဖြင့် ပြည်တွင်း မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

.. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...